Monday, November 13, 2006

ရင်ထဲကအတွေးများ


ကောင်းတဲ့လူနဲ့ မကောင်းတဲ့လူတွေမှာ နှိုင်းယှဉ်ဖို့ရာ တစ်ခုတည်းပဲရှိပါတယ်.. သူတော်ကောင်းက သူယုတ်မာကို နိုင်ဖို့အတွက် သူ့ကိုယ်သူ ပိုမွန်မြတ်အောင် ကျင့်ကြံနေရင် မကောင်းသော သူယုတ်မာတွေက အလိုလို သူတို့အဆင့်ကို ဖော်ပြပြီးသလိုဖြစ်နေမှာပါ… အောင်မြင်ခြင်းကို မရောက်ခင် ပေးဆပ်ရမယ့်အရာတွေကတော့ အများကြီးတည်ရှိပါတယ်.. ဒါပေမယ့် လွဲမှားခဲ့တဲ့ လုပ်ရပ်တွေက သိပ်များခဲ့တော့ အခုအချိန်မှာ နောင်တဆိုတာကို ပိုက်လို့မရတော့ဘူး.. အခြေအနေနဲ့ အချိန်အခါ ၊ နေရာဝန်းကျင်ဆိုတာမှာ မူတည်စဉ်းစားပြီးတော့ ကိုယ်လိုချင်တာကို ပရိယာရ်ပါအောင် လုပ်နိုင်မှသာ လိုချင်တဲ့ အောင်မြင်မှုတစ်ခုဆိုတာ ရရှိနိုင်မှာပဲလေ.. တခြားသူက ဒီလမ်းစဉ်နဲ့ အောင်မြင်ပြီး ရအောင် အလဲထိုးနိုင်ခဲ့ပေမယ့် ကိုယ် ယှဉ်ပြိုင်အလဲထိုးရမယ့်သူနဲ့အလှည့်မှာ တခြားလူတွေလို အမြဲလိုက်ခဲ့ရင် လိုချင်တာနဲ့ ဝေးနေခဲ့မှာပေါ့…

ပန်းတိုင်ရောက်ဖို့အတွက် ရန်သူအားနည်းချက်ကို နင်းနိုင်မှ လိုရာပြီးစီးမှာပါ… အယူအဆတွေ ၊ သဘောထားတွေ ကွဲလွဲနေကြပြီး အရှေ့ကမလျှောက်ရဲသူ ပိုများနေတဲ့အချိန်မှာ ပန်းတိုင်က နီးသင့်သလောက် မနီးခဲ့ကြဘူး.. သူရဲကောင်းက သူ့စိတ်ဓါတ်နဲ့ အရည်အချင်းတွေကို မပြသနိုင်တဲ့အချိန်မှာ ကြိုးစားရမယ့် တာဝန်က သူ့ကို အားပေးချစ်ခင်သူတွေနဲ့ ပန်းတိုင်ကို လိုချင်သူတွေ တာဝန်ပါပဲ… ဒီအတွက် ကိုယ်မလုပ်နိုင်ရင်တောင် ဘယ်လို လမ်းပြပေးကြမလည်း.. မှန်ကန်တဲ့ ယုံကြည်မှုတွေကို ဘယ်လိုအကောင်ထည်ဖော်ကြမှာလည်း.. တ၀ဲဝဲလည်နေတဲ့ အရှုပ်တွေကို ဘယ်သူကများ စတင် ဖြေရှင်းမှာလည်း…. Educated ပိုဖြစ်လာလေလေ ၊ စိတ်ဓါတ်ပိုရင့်ကျက်ခိုင်မာလာလေလေ ၊ ထိုသူရဲ့ အရည်အချင်းနဲ့ သူ့အရှိန်အ၀ါဆိုတာ ထွန်းလင်းနေကြမှာပါ… `လိုချင်တယ်´ဆိုသော စကားတွေကိုဆို အခြေအနေကို စောင့်နေမယ်ဆိုရင် သန်းခေါင်ထက်ညဥ့်နက်မှာမဟုတ်တော့ဘူး… မိမိက မိမိကိုယ်မိမိချစ်တာလား.. အများအတွက် တာဝန်ကို ချစ်တာလား.. မိမိ အောင်မြင်မှုကို ချစ်တာလား … မိမိမလုပ်နိုင်တာကို ထိုင်စောင့်ရင်း သူရဲကောင်းကို ထိုင်ချစ်တာလား… မိမိ အဖွဲ့အစည်း တစ်ခုတည်းကိုပဲ ရွေးချစ်တာလား…

တကယ်လုပ်နိုင်သူနဲ့ တကယ်လုပ်ချင်သူ ဘယ်သူက ဘာတွေလည်း.. သုံးသပ်ရင်း ဝေဖန်ရင်း နှစ်တွေကြာခဲ့ပြီလား.. သူယုတ်မာကို တော်လှန်ချိန်မှာ သူယုတ်မာကို ခဲနဲ့သွားထုဖို့လည်း မလိုပါဘူး.. သူယုတ်မာကို ချောင်းရိုက်ဖို့လည်း မလိုပါဘူး.. သူယုတ်မာကို သွားပြိုင်ဖို့လည်း မလိုအပ်ပါဘူး… သူယုတ်မာနဲ့ပတ်သတ်နဲ့ အရာတွေကို ကိုယ်က အားမပေးခြင်း ၊ မလိုက်နာခြင်း ၊ မထောက်ခံခြင်းတွေအားလုံးကို တက်ညီလက်ညီ ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ထိုသူအတွက် အသက်ရှုပေါက်နည်းသွားမှာပါ… မိမိကိုယ်ကို အမြဲ တိုးတက်ပညာတတ်အောင် ၊ ရင့်ကျက်နိုင်အောင် ၊ အတွေးအခေါ် မြင့်မြတ်လာအောင် ကြိုးစားခြင်းက သူယုတ်မာများကို တော်လှန်ခြင်းတစ်မျိုးပါပဲ…. လွဲမှားနေခဲ့ဖူးတဲ့ လမ်းစဉ်အနည်းငယ်ကို ပြန်လည်ပြင်ဆင်ဖို့က မာနတွေ ၊ အရှိန်အ၀ါတွေကို ခေတ္တဘေးဖယ်ထားသင့်ရမယ်လေ… မိမိအဖွဲ့ တော်ခဲ့ရင် အချိန်ဆိုတာ ကိုယ့်ကြိုးစားလုံ့လကို သက်သေပြသွားမှာပါ.. အဲဒီအတွက် ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ မကြည်ဖြူဖို့ မဖြစ်သင့်ကြဘူး… ပြောချင်သော စကားတွေကို ရင်မှာပိတ် ၊ ဘက်စုံထောင့်စုံကနေ စဉ်းစားပြီး သွယ်ဝိုက်ပြောဆိုနေကြခြင်းတွေကလည်း ချစ်ခင်လေးစားမှုတွေကို မပျက်ပြားစေချင်လို့ပါပဲ…

သူယုတ်မာရဲ့ လုပ်ရပ်တော်တော်များများကို မသိကြတဲ့ မျက်စိပိတ် နားပိတ်လူတွေအားလုံးအတွက် စာပေဆိုတာ အမြဲ လက်ဆင့်ကမ်းရှင်သန်နေဖို့လည်း လိုပါတယ်.. သားစဉ်မြေးဆက်မှတဆင့် မိမိရှင်သန်တဲ့ ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာ သိသင့်သိထိုက်တာကို အမှန်နဲ့ယှဉ်ပြောသားခြင်းကလည်း သဲတစ်ပွင့်တစ်နေရာပါဝင်ခြင်းပါပဲ.. တကယ်တမ်းမှာ သူတော်ကောင်း အသိုင်းဝိုင်းထဲမှာ အားလုံးကိုပြုံချစ်နိုင်သူ ၊ တတန်းတည်း ထားပေးသူကလည်း နည်းပါတယ်… မိမိနဲ့ဆိုင်ရာဒေသတွေကိုသာ ချစ်ခင်ပြီး တခြား ဘာဖြစ်ဖြစ်လျစ်လျူရူနေခြင်းကလည်း တရားမျှတခြင်းမဟုတ်ခဲ့ဘူး.. မန်းကလူတွေက မန်းအတွက်ပဲ ဖြစ်ချင်ကြတယ်ဆိုတာ ဒေသခံမို့ နားလည်နိုင်ခဲ့ပေမယ့် ရန်ကုန်က ရန်ကုန် ၊ မန်းကမန်း ၊ စစ်ကိုင်းကစစ်ကိုင်း ၊ တိုင်းရင်းသားတွေက တိုင်းရင်းသား ၊ အောက်ပြည်က အောက်ပြည် လို့သာ ခွဲခြားသတ်မှတ်နေခဲ့မယ်ဆိုရင် ဖြစ်သင့်ပါသလား.. ဒီမြေက ကိုယ့်မြေပါပဲ… ဒီနေရာမှာ မနေခဲ့ဖူးလို့ ကိုယ်နဲ့မဆိုင်ဘူး မဖြစ်သင့်ကြဘူး.. ဖိနှိပ်ခံလူတန်းစားထဲမှာမှ အချင်းချင်း ကိုယ့်နေရာကိုယ် ၊ ကိုယ့်ဒေသကိုယ် သဘောထား ကွဲလွဲနေမယ်ဆိုရင် ရန်သူအတွက် အင်အားတိုးပေးသလို ဖြစ်သွားလိမ့်မယ်… ရှု့ပ်ပွနေတဲ့ တောတစ်တောထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ပြဿနာအားလုံးကို မရှင်းနိုင်ခင် ရန်သူကို အလဲထိုးရလိမ့်မယ်.. အဲဒီအတွက် ချစ်ခင်လေးစား သွေးစည်းမှုတွေ လိုအပ်ပါတယ်.. နောက်ကျော ဓါးထိုးမှုတွေကို ရပ်ဆိုင်းပြီး အသိဥာဏ်တွေ နားတွေ မျက်လုံးတွေ ဖွင့်ထားကြဖို့ လိုအပ်ပါတယ်..

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။