Wednesday, August 01, 2007

အဆုံးသတ်တိုက်ပွဲ


ကျွန်မကို အားပေးနေကြသော မိတ်ဆွေများနှင့် ပို့စ်အသစ်ကို စောင့်နေသူများကို လေးစားစွာ ကျေးဇူးတင်ရှိမိပါတယ်။ ကျွန်မ နိုဝင်ဘာလမှာ Final Exam ရှိတဲ့အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် အများကြီးအလုပ်ရှုပ်နေတာကြောင့် တစ်ပါတ်တစ်ခါ သို့မဟုတ် နှစ်ခါလောက်ပဲ စာရေးဖြစ်မယ် ထင်ပါတယ်။ ကွန်ပြူတာရှေ့ရောက်တာနဲ့ ၀ါသနာအရ လက်ချောင်းတွေက သိပ်တားမရတာနဲ့ အားလုံးကို အဆက်ဖြတ်ထားရပါတယ်။ အခုလောလောဆယ် ကျွန်မ ခံစားရတဲ့ ကဗျာတစ်ချို့ကို တင်ပြပေးလိုက်ပါတယ်ရှင်။ စကားမစပ် ကျွန်မကို အကြောင်းမရှိ မိုက်ရိုင်းစွာပြောဆိုနေသူများအားလုံး မေတ္တာကြောင့် ကျန်းမာရွှင်လန်းပြီး ပိုပြီးပျော်ရွှင်စိတ်ချမ်းမြေ့နေပါတယ်လို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ သတ္တိရှိတယ်ဆိုရင်တော့ နာမည်မှန်နဲ့ပြောကြေးပေါ့နော်။

အဆုံးသတ်တိုက်ပွဲ
“မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်”တဲ့
နယ်ချဲ့အစိုးရရဲ့
ပြင်းပြင်းထန်ထန်
ဖိနှိပ်မှုအောက်က
နယ်ချဲ့ဆန့်ကျင်ရေး
အရေးတော်ပုံကြီးမှာ
ကျောင်းသားခေါင်းဆောင်
ကိုဗဟိန်းကပြောခဲ့တယ်။
“ရရင်ရ
မရရင်ချ”တဲ့
ကိုလိုနီအစိုးရကို
စိန်ခေါ်တဲ့စကား
မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုကြီးမှာ
အမျိုးသားခေါင်းဆောင်
ကိုအောင်ဆန်းပြောခဲ့တယ်။
“မကြောက်ဘူးလား
ကြောက်သလားဆိုတာ
ကြောက်တဲ့လူပေါ်မှာပဲ
မူတည်တယ်နော်၊
ခြောက်တဲ့လူပေါ်မှာ
မမူတည်ဘူး
အရှုံးမပေးတဲ့စိတ်
အနိုင်မခံအရှုံးမပေးစိတ်ဓါတ်မျိုး
မွေးမြူကြပါ”တဲ့
စစ်အာဏာရှင်စနစ်ဆိုးအောက်က
လွတ်မြောက်ရေးအရေးတော်ပုံမှာ
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်။
“အမိတက္ကသိုလ်က
ခြင်္သေ့နှစ်ကောင်
တံခါးဝမှာ
နေ၀င်းနဲ့
စစ်အာဏာရှင်တွေ
မြေမြုပ်သဂြိုလ်ပြီးတဲ့အခါ
ငါပြန်လာခဲ့မယ်”တဲ့
မတရားလုပ်အုပ်ချုပ်နေတဲ့
စစ်အာဏာရှင်အစိုးရကို
စိန်ခေါ်တဲ့စကား
ဒီမိုကရေစီအရေး
လှုပ်ရှားမှုကြီးမှာ
ကျောင်းသားခေါင်းဆောင်
ကိုမိုးသီးဇွန်ကပြောခဲ့တယ်။
“ကျွန်တော်တို့အားလုံး
ဘ၀များစွာ
စတေးခဲ့ပြီးပြီ
လမ်းတွေပေါ်မှာ
အသက်တွေပေးခဲ့ပြီးပြီ
ကျွန်တော်တို့ကို
ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့မှ
ခြိမ်းခြောက်လို့
ကြောက်မယ့်လူလား”တဲ့။
စစ်အာဏာရှင်လက်ပါးစေတွေ
ထမီခြုံစိတ်ဓါတ်တွေနဲ့
လူသတ်ပွဲကျင်းပဖို့
စောင့်ဆိုင်းနေကြချိန်မှာ
တိုက်ပွဲဝင်ခေါင်းဆောင်
ကိုမင်းကိုနိုင်ကပြောခဲ့တယ်။
ရဲဘော်တို့ရေ
အစဉ်အလာအရကို
မြန်မာ့သွေးဆိုတာ
ရဲရဲနီပြီးသား ၊
မြန်မာ့သတ္တိဆိုတာ
ရဲရဲတောက်ပြီးသား ၊
ခေါင်းဆောင်တွေရဲ့
တက်ကြွတဲ့အားမာန်
ထက်သန်တဲ့စိတ်ထားတွေနဲ့
အဖိနှိပ်ခံပြည်သူတွေရဲ့
နာကြဉ်းချက်မြည်ဟည်းသံတို့
တစတစပေါင်းစပ်လာနေပြီ၊
မကြာခင်မှာ
စစ်အာဏာရှင်နေ၀င်တော့မယ်၊
အဆုံးသတ်တိုက်ပွဲ
ပါဝင်ဆင်နွှဲကြစို့ ………….. ။
ခင်မမမျိုး

3 comments:

Unknown said...

Love it.

Anonymous said...

wow, very powerfull... keep it up

YeKyawAungMDY said...

This poem is very perfect by making and quoting of the leaders' saying for People in Burma for encouragement. Keep fighting with your pen against brutal SPDC. One word can change the government!!! Keep fighting like this for the people of Burma!!

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။