Wednesday, August 29, 2007

ဟင်းချက်ခြင်းအတတ်ပညာ



လူတွေကြားလျင် ရီမှာလား ကျွန်မ မပြောတတ်ပါ .. ။ ခြင်္သေ့ကျွန်းရောက်သောသူတော်တော်များများ ဒီနိုင်ငံ ပုံစံလေးတွေ ဖြစ်သွားချိန် ကျွန်မက ကျွန်မ နှစ်သက်သော မိန်းကလေးပုံစံ မပျောက်ခဲ့ … ။ ဒါပေမယ့် အိမ်အလုပ်များကို တစ်ယောက်တည်း ဒိုင်ခံလုပ်ရသော ကျွန်မ ဟင်းကောင်းကောင်းမချက်တတ်ပါ .. ။ နည်းနည်းပါးပါး ကြော်လှော်တာ ၊ အသုပ်နည်းနည်းပါးပါး သုပ်တတ်တာကလွဲ ကျွန်မ သေချာ ဟင်းမချက်တတ်ပါ .. ။

အမှန်အတိုင်းပြောရလျင် ကျွန်မ စိတ်မ၀င်စားတာပါ .. ။ အိမ်သန့်ရှင်းရေး ၊ အိမ်အလှဆင်ခြင်း ၊ အ၀တ်များ သိမ်းဆည်းခြင်း ၊ မီးပူတိုက်ခြင်း ၊ ဆေးကြောခြင်းသာ ကျွန်မ လုပ်လေ့ရှိပြီး ဟင်းတော့ တစ်ခါမှ တစ်ယောက်တည်း မချက်ဖူး .. ။ ကျွန်မကိုယ်တိုင်က အစားအသောက် သိပ်မမက်တာကြောင့်လဲ ဟင်းသေချာချက်စားဖို့ စိတ်မ၀င်စားခဲ့ .. ။ အမေကို ၀ိုင်းကူညီတာနှင့် အဒေါ်တွေကို ၀ိုင်းကူညီတာကလွဲ တစ်ခါမှလည်း ဟင်းချက်ဖို့ စိတ်မ၀င်စားခဲ့သလို အမေတွေ အဒေါ်တွေကလဲ တစ်ခါမှ မချက်ခိုင်းခဲ့ .. ။ ကျွန်မကလည်း အမြဲတမ်း ကျွန်မအလုပ်တွေနဲ့ မအားလပ်အောင် ရှုပ်နေတာမို့ ထိုကိစ္စကို ခေါင်းထဲ မရောက်ခဲ့ .. အဓိကအကြောင်းရင်းက ကျွန်မ မိဘတွေ ၊ ဆွေမျိုးတွေနဲ့ ဝေးတဲ့နေရာမှာ မနေဖူးသေးတာမို့ ဒါတွေ မလုပ်တတ်တာလဲ ဖြစ်မှာပါ .. ။





ကျောင်းတက် ၊ စာရေး ၊ စာဖတ် ၊ အလှပရေးရာနှင့် အိမ်အလုပ်အချို့လုပ်ခြင်းဖြင့် ကျွန်မ၏ ၂၄နာရီ ကုန်ဆုံးစမြဲ။ အခုတော့ ကျွန်မကိုယ်တိုင် ဟင်းချက်ချင်လာသည်… ။ ခက်တာ တစ်သက်လုံး ဟင်းချက်သောကိစ္စနှင့်ပတ်သတ် ကျွန်မ အိမ်မှာလဲ စကားမစပ်ဖူးသလို ကျွန်မ စိတ်မ၀င်စားတာကို အားလုံးအသိ .. ။ ယခုမှ ဟင်းဝိုင်းချက်လာသော ကျွန်မကို အထူးအဆန်းသဖွယ် ကြည့်လာသည် .. ။ ထည့်ရသော ပစ္စည်းပမာဏ ၊ ကြာချိန်ကအစ အသေးစိပ် မေးမြန်းလာသော ကျွန်မကို အားလုံးက ထူးဆန်းစွာကြည့်ချိန်မှာ ရှက်လဲရှက်မိပါသည် ။

ဟင်းအိုးရှေ့မှာ ဟိုထည့် ဒီထည့်လုပ်ရင်း လျှောက်စမ်းကာ တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် စမ်းစားရင်း တစ်ခုမှလဲ စားလို့အဆင်မပြေတာ တွေ့ရချိန် လက်မှိုင်ချမိသည် .. ။ စာရေးသော အနုပညာကိုတော့ စိတ်ဝင်စားပေမယ့် ဟင်းချက်တာလဲ ကိုယ့်စိတ်ကူးလေးနဲ့ ဆက်စပ်ပြီး လုပ်ရတဲ့ အနုပညာတစ်ခုပါပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ကိုယ်တိုင်ပဲ ဆရာလုပ် ကိုယ်ပဲ တပည့်ခံပြီး လုပ်နေပေမယ့် အခုထိ အဆင်မပြေသေး .. ။ စိတ်ကုန်သည် … တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ကုန်သည် .. ။

အရသာတွေလွန်တာကလွန် ၊ မရှိတာက မရှိ ၊ ရေလုံပြုတ်ဖြစ်သွားတာက ဖြစ်နဲ့ အမလေးနော် တစ်ခါမှ အဲဒါတွေ မကြုံဖူးဘူး … ။ တစ်နေ့တစ်နေ့ ကျောင်းတက်လိုက် …. စာအုပ်တွေပဲ ထိုင်ဖတ်လိုက် … ကိုယ့်ကိုယ်ကိုယ် သေချာလှအောင်ပြင်လိုက် .. အလှပရေးရာမဂ္ဂဇင်းတွေဖတ်လိုက် .. ဘလော့ခ်ဖတ် ရေး … သူငယ်ချင်းတွေနဲ့ စကားပြော .. ဒါချည်း လုံးလည်ချာလည်လိုက်နေတာ အခုမှ အသစ်အဆန်းတစ်ခုနဲ့ ကမောက်ကမ တကယ်ဖြစ်နေပါတယ် …. ။





ဟင်းချက်နည်းစာအုပ်တွေတော့ ၀ယ်လာပြီး စမ်းတော့စမ်းနေတာပဲ .. ။ လက်ကတော့ မတည့်သေးဘူး .. ။ သူငယ်ချင်းတွေကို မေးမြန်းပြီး သင်ရအောင်လဲ သူတို့က ကိုယ့်ထက် ပိုဆိုးသေး .. ။ မသိတဲ့သူတွေနဲ့ မတတ်တဲ့သူပေါင်းပြီး ချက်ရင်တော့ ပွဲသိမ်းတော့မယ် .. ။ ကျွန်မ မိဘတွေကတော့ ကျွန်မကို ကလေးလိုပဲ သဘောထားတော့ ဒါတွေသင်ပေးပါပြောလို့ကလဲ မကောင်း .. ။ ပြောရင်လဲ သင်ပေးမှာလဲ မဟုတ် .. ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ။

ဒါတွေ ကြုံနေတော့ ကျွန်မ ဟိုးတစ်ချိန်က ရေးခဲ့တဲ့ “ကျွန်မကိုယ်ကျွန်မ မုန်းသောအချက်များ” ပို့စ်ထဲမှာ “ဟင်းမချက်တတ်သော ကျွန်မကိုယ်ကျွန်မ မုန်းမိပါသည်”ဟု ထည့်သွင်းရမည့် အလားအလာကိုသာ မြင်ယောင်နေမိပါတော့သည် … ။




3 comments:

Anonymous said...

အကုန်ေ၇ာထည့်ပြီးသာ မွှေလိုက် ညီမလေး ဟင်းတစ်ခွက်ဖြစ်သွားလိမ့်မယ်

Anonymous said...

မိန်းမ ပီသတဲ့သူတိုင်း တစ်ချိန်မှာ ဟင်းချက်ချင်စိတ် ပေါ်တတ်ကြပါတယ် ။ တိတိကျကျ တိုက်ဆိုင်တဲ့ အချိန်လေး တစ်ခုမှာပေါ့ ။ ပျော်ရွင်ကြပါစေဗျာ ...

Kaung Kin Ko said...
This comment has been removed by the author.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။