Monday, October 15, 2007

သပိတ်သွတ်ပွဲ (14th October )



မြန်မာပြည်မှာ စစ်အာဏာရှင်ရဲ့ ယုတ်မာရိုင်းစိုင်းမှုကြောင့် ဆန္ဒပြပွဲအတွင်း အသက်ပေးသွားသူများကို သပိတ်ဆွမ်းသွတ်ပေးတဲ့အနေနဲ့ ပြည်ပရောက် မျိုးချစ်မြန်မာများအဖွဲ့မှ တနင်္ဂနွေနေ့မနက် ၈နာရီခွဲ ၊ တိုပါရိုးဘုန်းကြီးကျောင်းမှာ ရေစက်ချအမျှပေးဝေခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ် .. ။

ဆရာတော်တွေ မကြွလာခင်မှာ ဘုန်းကြီးကျောင်းအဆောက်အအုံဘေး ၊ ခြံဝန်းထဲမှာ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါတယ် ။

မနက် ၉ နာရီမထိုးခင်မှာ တရားနာယူရန်အတွက် ဘုန်းကြီးကျောင်းရဲ့ သုံးထပ်မှာ ပရိတ်သတ်အားလုံးက နေရာယူကြပါတယ် .. ။ သိပ်မကြာခင်မှာ ဆရာတော်သံဃာတော်များ ကြွရောက်နေရာယူပါတယ်။

ပရိတ်သတ်များက သြကာသ ဘုရားရှိခိုဖြင့် ကန်တော့ခြင်း ၊ ငါးပါးသီလ ခံယူဆောက်တည်ခြင်း ၊ ဆရာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ခြင်း ၊ ဆရာတော်မှ တရားဟောကြားခြင်း နှင့် ရေစက်ချအမျှဝေခဲ့ကြပါတယ် … ။

မနက်၁၀နာရီခွဲလောက်မှာ ကျဆုံးသွားခဲ့ပြီးသော အာဇာနည်ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းတို့ကို ဂုဏ်ပြုသောအားဖြင့် ၁မိနစ်ခန့် အားလုံးက မတ်တပ်ရပ်ပြီး ငြိမ်သက်စွာ အလေးပြုခဲ့ကြပါတယ် .. ။



ဆရာတော်သံဃာတော်များက မိန့်ခွန်းပြောကြားတာတွေကတော့

“သံဃာတော်တွေက အခု မြန်မာပြည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အချို့က ၀ိနည်းနဲ့မညီဘူးလို့ ပြောကြပါတယ်။ တကယ်တော့ အဲဒါက မမှန်ကန်ပါဘူး ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လေးအင်္သေချေနဲ့ ကမ္ဘာတစ်သိန်း ကျင့်ကြံအားထုတ်ခဲ့ရတာ သူတစ်ယောက်တည်း လွတ်ကျွတ်ဖို့အတွက် မဟုတ်ပါဘူး။ လောကီမှာရှိတဲ့ လူသားတွေအားလုံးအတွက် မဟာကရုဏာနဲ့ တရားဟောကြားဖို့အတွက် ဖြစ်ပါတယ် ။ မြတ်စွာဘုရားက လောကီရေးမှာ ပါပါတယ်။ နောက်ဆုံး မီးနေခန်းအထိတောင် ပါပါတယ် ။ အင်္ဂုလိမာလာသုတ်က မီးမဖွားနိုင်တဲ့ အမျိုးသမီးများအတွက် မြတ်စွာဘုရားက ဟောကြားခဲ့ခြင်းပါ ။ လောကီအတွက် ဘာမှလုပ်ပေးဖို့မဟုတ်ဘူးဆိုရင် မြတ်စွာဘုရားက သဗ္ဗေညုတဥာဏ်တော်ကို ရရှိပြီးချိန်မှာ ဥယျာဉ်တော်မှာ အိပ်နေဖို့ပဲ ရှိပါတော့တယ်”

“မင်းဆိုးမင်းယုတ်ရှိပြီဆိုရင် အရာအားလုံး မအေးချမ်းတော့ပါဘူး ။ ဒါကြောင့် မင်းဆိုးမင်းဆိုး ရှိခြင်းက ပြည်သူပြည်သားအားလုံးအတွက် လုံးဝမကောင်းပါဘူး”

“ဘုန်းဘုန်းတို့စကားတွေကို အားပေးထောက်ခံတယ်ဆိုရင် လက်ခုပ်မတီးပါနဲ့ ။ လက်ခုပ်တီးလိုက်ရင် စိတ်ထဲ၇ှိတာတွေတောင် ပျောက်သွားသလိုပဲ ။ သာဓုပဲသုံးကြိမ်ခေါ်ပါ”

အစရှိတဲ့ မိန့်ခွန်းတွေနဲ့ ပရိတ်သတ်ကို အောင်မြင်စွာ တရားဟောကြားနိုင်ခဲ့ပါတယ် ။ အစပိုင်းမှာ လက်ခုပ်သံတွေ ညံနေအောင်တီးနေပေမယ့် ဘုန်းဘုန်းတစ်ပါးက မိန့်ကြားပြီးချိန်မှာ အားလုံးက အေးချမ်းကြည်လင်စွာနဲ့ သာဓုသုံးကြိမ်ခေါ်သံက မိုးမြင့်ထက်မှာ ချမ်းမြေ့စွာထွက်ပေါ်နေခဲ့ပါတယ် ။

တရားဟောကြားပြီးချိန်မှာ သံဃာတော်များ ပြန်လည်ကြွချီပါတယ် ။
ဘုန်းဘုန်းတွေ ပြန်လည်ကြွချီပြီးချိန်မှာ ပြည်ပရောက်မျိုးချစ်မြန်မာအဖွဲ့က အဖွဲ့ကြီးဖွဲ့စည်းရခြင်း ရည်ရွယ်ချက် ၊ ဦးတည်ချက်များနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပါတယ် ။

ဒီအဖွဲ့ကြီးက စည်းစနစ်သိပ်ကျနပြီး အဖွဲ့အစည်းပေါင်းစုံ ၊ အခြားလူများ ပါဝင်ကြတာကြောင့် အရမ်းလဲ အားရတက်ကြွဖွယ်တွေ့ရပါတယ် ။ လုပ်ပုံကိုင်ပုံ ၊ စီစဉ်ပုံအားလုံးက စည်းစနစ်သိပ်ကျတာမို့ ဒီလိုအဖွဲ့တွေကို အမြဲထောက်ခံအားပေးတက်ရောက်တဲ့ ကျွန်မရင်ထဲမှာ အတိုင်းမသိ ကြည်နူးဝမ်းသာမိသလို သူတို့တွေရဲ့ လုပ်ဆောင်မှုတွေနောက်မှာ အမြဲရှိနေမှာပါ ။

နောက်ဆုံးအစီအစဉ်တစ်ရပ်အနေနဲ့ တက်ရောက်တဲ့ ပရိတ်သတ်အားလုံးက ညာဘက်လက်သီးကို ဆုပ် ၊ ဘယ်ဘက်နှလုံးသားထောင့်မှာ ကပ်လိုက်ပြီး သစ္စာပြုကြွေးကြော်သံကို အရှေ့က ခေါ်ပေးတဲ့ ကိုကျော်စိုးနောက်ကနေ ညီညွာစွာ ရွတ်ဆိုကြပါတယ်။

၁) ကျွန်ုပ်တို့သည် အမိမြန်မာနိုင် ငံ ၏ အေ၇းကို မိမိတို့ ကိုယ်ပိုင် အရေးကဲ့ သို့ အစွမ်း ကုန် ကြိုးပမ်းလုပ် ဆောင် မည် ဖြစ်ကြောင်း သစ္စာ ပြုပါသည်။

၂) ကျွန်ုပ်တို့သည် အာဏာရှင် စနစ်ပပျောက် ရေးအတွက် အသက် စွန့် တိုက်ပွဲဝင်သွားကြသော ရဟန်းရှင်လူ ပြည်သူများ၏ ကျေးဇူးသစ္စာ ကို အစဉ်အမြဲ သတိရပါမည်ဟု သစ္စာပြုပါသည်။

၃) ကျွန်ုပ်တို့သည် အမျိုးသားပြန်လည်သင့်မြတ် ရေး နှင့် အခြေခံ လူ့အခွင့် အေ၇း များပြန်လည်ရရှိရေး အတွက် စစ်မှန်သော လှုပ်ရှား မှုမှန်သမျှ ကို အပြည့် အ၀ထောက်ခံ လုပ်ဆောင်သွားမည်ဟုသစ္စာပြုပါသည်.။

သစ္စာအဓိဌာန်ဆိုပြီးချိန်မှာ အားလုံးရင်ထဲလှုပ်ခတ်နေကြပြီး အသံလှိုင်းတွေကနေ ခံစားချက်တွေ ပေါ်ထွက်နေတာကို ကျွန်မရင်ထဲကနေ ခံစားသိရှိမိပါတယ် ။ သွေးထဲမှာ လည်ပတ်နေတာတွေက မခံချင်စိတ်တွေရော ၊ စာနာခြင်းတွေရော အားလုံးပြွတ်သိပ်နေခဲ့ပါတယ် .. ။

နိုင်ငံတော်သီချင်းကို တူညီစွာ ဆိုပြီးချိန်မှာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ် ။ တက်ကြွတဲ့အဖွဲ့တွေကရော ၊ နေရာပေါင်းစုံက ရွှေမြန်မာတွေရော အများကြီး တက်ရောက်အားပေးကြတာ ၀မ်းသာမိပါတယ် ။ မြန်မာပြည်မှာ မလုပ်ပေးနိုင်တဲ့ သပိတ်သွပ်အခမ်းအနားတစ်ခုကို ဒီက လူတွေက အချိန်ကုန် ငွေကုန် အားလုံးအပင်ပန်းခံပြီး စာနာစွာ လုပ်ဆောင်ပေးခဲ့တဲ့အတွက်လည်း အများကြီးလေးစားမိပါတယ် ။
ရှေ့ဆက်လုပ်ဆောင်သွားမယ့် အရာတွေ အများကြီးရှိနေသေးတယ်ဆိုတာကိုလည်း မီးမောင်းထိုးပြခဲ့တဲ့ ပြည်ပရောက်မျိုးချစ်မြန်မာအဖွဲ့ကို အထူးကျေးဇူးတင်ရှိမိပါတယ် ။

ပြည်ပရောက်မျိုးချစ်မြန်မာအဖွဲ့ကို အကြံပြုလိုပါက http://overseasburmesepatriots.com/ ဆိုဒ်တွင် မှတ်ချက်ရေးနိုင်ပါသည် ။








ဒါကတော့ အဲဒီနေ့က ကျွန်မသွားခဲ့တဲ့ပုံပါ ။ ကျွန်မဘလော့ခ်ကို အစဉ်အမြဲအားပေးနေသူများက ကျွန်မကို အခမ်းအနားတွေမှာ သေသေချာချာ လာနှုတ်ဆက်စကားပြော ၊ ဝေဖန်အကြံပြုတိုင်း ကျွန်မ ရင်ထဲ ၀မ်းသာပါတယ် ။ ကျွန်မကို အကြံပြုဝေဖန်သူများကိုလည်း လေးစားလျက်ပါ .. ။ အပြင်မှာမြင်ရင် အရင်ဓါတ်ပုံတွေထဲကနဲ့ မတူဘူး မမှတ်မိဘူးလို့ အများက သိပ်ပြောနေတဲ့အတွက် နောက်မှပဲ ပုံအသစ်တွေ ဖော်ပြပေးပါတော့မယ် ။ လောလောဆယ် မအားသေးလို့ပါ ။

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။