Tuesday, October 30, 2007

သီတင်းကျွတ်ခဲ့လေပြီ



သီတင်းတော့ကျွတ်ပြီးသွားပြီ။

အခုရက်ပိုင်းလေး ကျွန်မ တအားအလုပ်များသွားတာရော ၊ စလုံးရဲတွေက ကွန်ပြူတာသိမ်းသွားပြီးနောက် အိမ်မှာ ကျန်ရှိတဲ့ ကွန်ပြူတာခပ်စုတ်စုတ်ကလေးတစ်ခုကို ပြန်ပြင်ပြီး အခုလိုစာတွေဆက်ရေးနေချိန်မှာ စက်ကလေးက ချူချာသွားတာရောပေါင်းပြီး အွန်လိုင်းနဲ့ခေတ္တဝေးသွားတာပါ ။ စာဖတ်သူများ စောင့်ဆိုင်းရခြင်း ၊ စိတ်ပူရခြင်းများအတွက် အားလုံးကို ဆောရီးပါရှင် .. ။ ရဲနဲ့ နောက်ဆုံးဆက်သွယ်စကားပြောပြီးချက်အရ ကျွန်မက ကျွန်မကွန်ပြူတာကို သိမ်းချင်သလို လာသိမ်းသွားခြင်းကို မီဒီယာနဲ့ ဆက်သွယ်ပြီး စာရေးရလိမ့်မယ်လို့ စင်္ကာပူရဲတွေကို ပြောလိုက်ပါတယ် .. ။ သူတို့က ကျွန်မရဲ့ ကေ့စ်ကို သိပ်မဝေးခင်မှာ အကြောင်းပြန်တော့မှာမို့ စောင့်ဆိုင်းပေးဖို့ တောင်းဆိုတဲ့အတွက် ကျွန်မကိုယ်တိုင်ကလဲ မိဘတွေကို စိတ်သိပ်မပူစေချင်တာမို့ သည်းခံပေးလိုက်ပါတယ် .. ။ ကျွန်မသတ်မှတ်ထားတဲ့ deadline မကျော်ခင်အထိပေါ့။

လည်ပတ်နေတဲ့ ရာသီစက်ဝန်းကြီးက ၀ါလကင်းလွတ်သီတင်းကျွတ်အချိန်ကို ဆောင်ယူခဲ့ပြန်လေပြီ .. ။ ပြတင်းတံခါးမှ နှုတ်ဆက်လာသော လေပြနုနုလေးနှင့်အတူ ဆောင်းရာသီလေးကလည်း စတင်ဝင်ရောက်ခဲ့လေပြီ .. ။ ကြည်လင်သော ရီသံချိုချိုလေးများဖြင့် တူနှစ်ကိုယ်လက်တွဲရန် အဆင်သင့်ဖြစ်နေသော စုံတွဲများ ၊ ကုသိုလ်ကောင်းမှုအတွက် ပြင်ဆင်နေကြသော လူကြီး လူငယ်များဖြင့် သာယာဖွယ် လတစ်လ စင်စစ်ပင်ဖြစ်ပါသည် .. ။

မြတ်စွာဘုရားက တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်နေသော မယ်တော်မိနတ်သားကို မွေးကျေးဇူးဆပ်သည့်အနေဖြင့် ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာ (၇)ကျမ်းကို ဟောကြားပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည်ကို ပြန်လည်ဆင်းသက်လာချိန်မှာ လူများက မြတ်စွာဘုရားကို ဆီမီး အမွှေးနံ့သာများထွန်းညှိကာ ပူဇော်ကြခြင်းဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော် ပေါ်ပေါက်လာခဲ့သည် .. ။

လမ်းမထက်မှာ ပျော်ရွှင်နေသော ကလေးငယ်များ ၊ မိဘနှစ်ပါးဖြင့် သီတင်းကျွတ်အလှကို ခံစားလမ်းလျှောက်နေသော မိသားစုဝင်များ ၊ စည်ကားနေသော ဈေးတန်းများဖြင့် မြန်မာတို့ဧ။် ယဉ်ကျေးမှုကို ဖော်ပြနေသော သီတင်းကျွတ်လကို ကျွန်မ မြတ်နိုးသည် .. ။

စည်းလုံးမှုများ ၊ အပျော်များ ပါဝင်နေသော မီးပုံပျံများကို လူငယ်များက ပျော်ရွှင်စွာ လွှတ်တင်လိုက်ကြချိန်မှာ ကောင်းကင်တစ်ခွင်မှာ မီးရောင်စုံများ လင်းလက်တောက်ပနေမှာ အမှန်ပင် .. ။ မြို့ကြီး မြို့ငယ်အလိုက် စည်ကားအသက်ဝင်နေသော စေတီများမှ ပျံ့လွင့်လာသော ခေါင်းလောင်းသံများ ၊ ဘုရားရှိခိုးသံများက သာယာနာပျော်ဖွယ်ကောင်းလှသည် .. ။ ဘာသာခြားများအနေနှင့်လည်း မိမိဘာသာ မဟုတ်သည့်တိုင် သူငယ်ချင်းများနှင့်အတူ သီတင်းကျွတ်ဆီမီးအလှကို ဆင်နွှဲနေပုံကလည်း ရင်မှာ အေးမြလှသည် .. ။

အတွေးထဲမှ လှပဖွယ်ခံစားချက်များကို တလွင့်လွင့်ခံစားနေခိုက် ပစ္စုပ္ပန်ကို ကျွန်မပြန်ရောက်လာချိန်မှာ ဆီမီးများကင်းဝေးနေသော ခြင်္သေ့ကျွန်းအလှကိုသာ မြင်ရသည် .. ။

အလှမ်းဝေးနေသော အမိမြေကို လွမ်းဆွတ်မှုဖြေဖျောက်သည့်အနေနှင့်ရော ၊ ရှိတဲ့ကုသိုလ်လေးကို ကြိုးစားယူတာပါ ပေါင်းပြီး ကျွန်မ သီတင်းကျွတ်လပြည့်နေ့ညနေမှာ စင်္ကာပူတိုပါးရိုးဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ သိမ်ဇင်းလောင်းပွဲကို သွားရောက်ခဲ့ပါတယ် .. ။

ယဉ်ကျေးတဲ့ ၀တ်စုံလေးတွေနဲ့ ကျား မ လူကြီး လူငယ်အားလုံး စုံစုံညီညီတက်ရောက်နေရာယူနေကြတာကို တွေ့ရချိန်မှာ ရင်ထဲ အေးမြခဲ့ရပါတယ် .. ။

ဘုန်းဘုန်းတွေကို လှူဖွယ်ပစ္စည်းများ လောင်းလှူပြီး ကျွန်မ ပြန်လာခဲ့ချိန်မှာ ရင်ထဲမှာ တစ်ခုခု လိုအပ်နေသလိုပါပဲ။

`လွမ်းပါတယ် အမိမြေ
ပြည်ပရောက်လို့
ဘ၀ခြေလှမ်းတွေလှမ်းနေရပေမယ့်
ညညအိပ်မက်တွေထဲမှာတောင်
အမိမြေကိုလွမ်းရလွန်းလို့
ရင်ကဆို့နစ်စွာနဲ့
ဒီအမိမြေကောင်းလာဖို့အတွက်
အလွမ်းတွေရင်မှာပိုက်ရင်း
နိုင်တဲ့သဲတစ်ပွင့်လောက်တော့
ငါကြိုးစားထမ်းဆောင်ပေးလျက်ပါ´


0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။