Friday, October 05, 2007

မျိုးဆက်သစ်တို့တိုက်ပွဲ


ဒီအရေးအခင်းက ဒီလိုနဲ့ပြီးသွားမှာလား

ဒါတွေကို ထပ်ခါတလဲလဲဆွေးနွေးနေကြတိုင်း မရေရာတဲ့ အဖြေတွေနဲ့ အားလုံးက တစ်စုံတစ်ခုကို မျှော်လင့်နေကြတာ ကျွန်မတွေ့ရပါတယ် .. ။

ဒီတစ်ခါ ကျွန်မတို့ရှုံးရင် နောင်နှစ်ပေါင်းများစွာတိုင် ခေါင်းထပ်ဖော်နိုင်တော့မှာ မဟုတ်ပါဘူး
ကျွန်မတို့ ဦးခိုက်ရှိခိုးတဲ့ သာသနာတော်ကြီးကို လူစိတ်တစ်စက်မှ မရှိဘဲ အာဏာတစ်ခုအတွက် ကမ်းကုန်အောင် ယုတ်မာဖျက်ဆီးခဲ့တာ ကျွန်မတို့ မြန်မာပြည်သူအားလုံးကို စစ်အာဏာရှင်က လူလို့တောင် သတ်မှတ်တယ် မထင်ဘူး .. ။ ဒီအရေးအခင်းကိုဖြစ်တော့ စင်္ကာပူက စင်္ကာပူလူမျိုးအချို့က ကျွန်မကို

“မင်းတို့ဘာသာနဲ့ မင်းတို့လူမျိုးမှာ အဲလို ရက်စက်လို့ရတယ်တဲ့လား ။ အဲလိုလုပ်တတ်ကြတယ်လား”ဆိုပြီး မေးလာကြပါတယ် .. ။ ဘယ်လောက်ရှက်ဖို့ကောင်းလဲ ၊ ဘယ်လောက်ရင်နာဖို့ ကောင်းလဲ ၊ ဘယ်လောက် ယူကြုံးမရဖြစ်ဖို့ကောင်းလဲ .. ။

စစ်အာဏာရှင်နဲ့ လက်အောက်ငယ်သားတွေ လုပ်ရပ်က ကျွန်မတို့ဗမာလူမျိုးအားလုံးကို ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံး ၊ မျက်နှာအငယ်ရဆုံး ပိုဖြစ်အောင် လုပ်လိုက်သလို အပြစ်မဲ့တဲ့ ပြည်သူတွေ ၊ သံဃာတော်တွေရဲ့ သွေးတွေ မြေပေါ်မှာ စီးဆင်းခဲ့ပြီ .. ။ ကျွန်မတို့ အမြဲတမ်း ဂုဏ်ယူလေ့ရှိတဲ့ ယဉ်ကျေးသိမ်မွေ့ပါတယ်ဆိုတဲ့ မြေပေါ်မှာ မတရားခြင်းတွေနဲ့ သွေးတွေ စီးဆင်းခဲ့ရပြီ .. ။

ကျွန်မတို့တွေ အနာဂတ်အတွက် တာဝန်ကို ဆက်လက် မထမ်းဆောင်ဘူးဆိုရင် ကျွန်မတို့အားလုံးက စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေတဲ့ မြေမှုန့်လေးတွေ ဖြစ်လာမှာ မလွဲမသွေပါ (အခုလည်း အဲလိုပဲ ဖြစ်နေတာပါ) ။ ဘုရားကို မရှိခိုးရဘဲ စစ်သားတွေကို ရှိခိုးဦးထိပ်တင်ရမယ့် ပုံစံမျိုး ဖြစ်လာခဲ့ရင် ကျွန်မတို့တွေလောက် အသုံးမကျတဲ့ လူ ဒီကမ္ဘာပေါ်မှာ ရှိမှာ မဟုတ်တော့ပါဘူး .. ။



စစ်အာဏာရှင်စနစ်အောက်မှာ ပညာရေးတွေ စုတ်ချာပျက်ဆီးသွားတယ် .. ။ စီးပွားရေး စနစ်တွေ ပိုမို ကျပ်တည်းလာတယ် .. ။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲတယ် .. ။ အခုနောက်ဆုံးလက်ရှိမှာတော့ ဦးထိပ်တင်ရှိခိုးရတဲ့ သာသနာတော်ကြီးကို ရစရာမရှိအောင် ဖျက်ဆီးခံလိုက်ရပြန်ပြီ .. ။ ကျွန်မတို့ နှလုံးသားထဲက ကျနေတဲ့ မျက်ရည်တွေကို လက်နက်ကိုင်လူတန်းစားက လူစိတ်ကင်းမဲ့စွာ စားသုံးနေကြပြီ။

ဒီစစ်အာဏာရှင်စနစ်ကို ကျွန်မတို့ မျိုးဆက်မှာပဲ အမြစ်ပါပြတ်အောင် ဖျက်သင့်ပါပြီရှင် .. ။ နောင် လူဖြစ်လာမယ့် မျိုးဆက်တွေကို ဒီဒုက္ခတွေ ဆက်လက်မခံစားစေချင်တော့တာ အမှန်ပါပဲ .. ။

“ဗမာ”ဆိုရင် ကမ္ဘာက လေးစားမှုတစ်ခုနဲ့ ဆက်ဆံတာမျိုး ရဖို့နေနေသာသာ ရှုံ့ချတဲ့ အကြည့်နဲ့ ကြည့်တာတွေချည်း များနေတဲ့အချိန်မှာ ဒီအရေးအခင်းနဲ့ ထပ်အရေးနိမ့်မယ်ဆို၇င် ကျွန်မတို့ခေါင်းတွေအားလုံး မြေကြီးထဲမှာ သွားထိုးထည့်ထားဖို့ပဲ ကောင်းပါတော့တယ် .. ။ ဗိုလ်ချုပ်တိုက်ပေးခဲ့တဲ့ လွတ်လပ်ရေးကို အစစ်အမှန်အတိုင်း မဖန်တီးနိုင်ဘူးဆိုရင် ကိုယ့်ပါးကိုယ် အချက်တစ်ရာလောက် ရိုက်သင့်ပါတယ် .. ။

ကျွန်မတို့က စစ်သားကိုမုန်းတယ်ချည်း အော်နေလို့ မဖြစ်ပါဘူး ။ ပါးစပ်ကလည်းပြော ၊ လက်ကလည်း တကယ် အလုပ်လုပ်ဖို့ လိုပါတယ် .. ။ လူတိုင်း လူတိုင်းမှာ အလင်းရောင်ရှိပါတယ် .. ။ မင်းလည်း တာဝန်ထမ်းဆောင်ရမယ် ၊ ငါလည်း နိုင်ငံတာဝန်ထမ်းဆောင်ရမယ် ၊ ခင်ဗျားတို့ ရှင်တို့ အားလုံးလည်း နိုင်ငံတာဝန်ကို ဆက်လက်ထမ်းဆောင်ရမယ် .. ။ ဘယ်တော့နိုင်ငံကောင်းမလဲဆိုပြီး ထိုင်စောင့်နေရင် ကျွန်မတို့ရဲ့ အမိမြေကြီးက ပိုပြီးကောင်းလာဖို့မရှိဘဲ ပိုစုတ်ချာသွားဖို့ပဲရှိပါတယ် .. ။ “ကြက်မ ဘယ်လောက်တွန်တွန် မိုးမလင်းပါဘူး” … ဒီလိုပဲ စစ်အာဏာရှင်မကောင်းဘူး ဘယ်လောက်အော်အော် စစ်အာဏာရှင်စနစ် မပျောက်သွားနိုင်ပါဘူး .. ။ တကယ်လက်တွေ့ လုပ်ကြဖို့ လိုပါတယ် .. ။

ကိုယ့်ကိုယ်ကိုယ် တော်အောင် ၊ ကိုယ်ရွေးချယ်တဲ့ အသက်မွေးဝမ်းကြောင်းပေါ်မှာ ထူးချွန်အောင် ကြိုးစားကြပါ .. ။ တစ်ဖက်ကလည်း နိုင်ငံအတွက် ပြန်ကြည့်ပါ .. ။ လုပ်နိုင်တဲ့အရာမှန်သမျှ ၊ ကျလာတဲ့ တာဝန်မှန်သမျှ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ပါ .. ။ ဓါးဆွဲပြီး သွားဖို့ မလိုပါဘူး ။ ကျွန်မတို့ အပြင်ရောက် မြန်မာအားလုံးထဲမှာ တစ်ဝက်လောက် တအားထူးချွန်ထက်မြက်ကြတယ် ၊ နေရာတစ်ခုရလာမယ်ဆိုရင် ဗမာပြည်အတွက် ထိထိရောက်ရောက် အကူညီပေးနိုင်မှာပါ .. ။

စစ်အာဏာရှင်တည်မြဲနေတယ်ဆိုတာ ကျွန်မတို့အားလုံး အသုံးမကျတာရော ၊ ထိရောက်စွာ မလုပ်နိုင်တာရော ၊ အားနည်းမှုတွေ များနေတာရော …. ဒါတွေအားလုံးကြောင့်ပါ … ။

ကျွန်မတို့က ငိုနေလို့ မပြီးသေးပါဘူး .. ။ မျက်ရည်ကိုသုတ် ဆက်လက်တိုက်ပွဲဝင်ရအုန်းမှာပါ . ။ စိတ်ဓါတ်အင်အားတွေ ၊ လူအင်အားတွေ ပိုပြီး ခိုင်မာနေဖို့ လိုအပ်ပါတယ် .. ။

ပြင်းထန်တဲ့ ခံစားမှုတွေအောက်မှာ လူတွေက တုန်လှုပ်နေကြတာ မှန်ပါတယ် ။ စိတ်ကို ပြန်ငြိမ်သက်အောင် ထားရမှာပါ .. ။ လုပ်စရာတွေ ရှေ့မှာ အများကြီး ကျန်ပါသေးတယ် .. ။

အနည်းငယ် စိတ်ပြန်တည်ငြိမ်လာချိန်မှာ ဟိုတစ်ရက်က ကျွန်မနဲ့ ကိုကို ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြန်သုံးသပ်ဖြစ်တယ် .. ။ သူလည်း တအားခံစားရပြီး စိတ်တွေအရမ်းပူလောင်ခဲ့ရပါတယ် .. ။ သူကတောင် ကျွန်မထက်ပိုမယ်ထင်ပါတယ် .. သူက သတင်းအစုံကြည့်သူဆိုတော့ … ။ ကျွန်မက မခံစားနိုင်ရင် ဖွင့်မကြည့်တော့ဘူး .. ။

ကျွန်မတို့ စင်္ကာပူမှာ အကျိုးသက်ရောက်မှုတစ်ခု ဘာလုပ်နိုင်သလဲ .. ။ ကျွန်မတို့ ခံစားမှုတွေ ပြင်းထန်နေလို့ မေ့နေတဲ့ အရာတစ်ခုရှိပါတယ် .. ။ အဲဒါ ကျွန်မတို့ မတရားပေးဆောင်ထားရတဲ့ အခွန်တွေနဲ့ အသက်ဆက်နေကြတဲ့ စစ်အာဏာရှင်ကို တရားမျှတသော ဥပဒေအတိုင်း ဆောင်ရွက်ဖို့ပဲ .. ။ ကျွန်မတို့ပေးဆောင်နေရတဲ့ အခွန်တွေ ဘယ်ရောက်သွားလဲ စာရင်းမရှိတဲ့အတွက် တပ်အပ်တော့ မပြောနိုင်ဘူး .. ။ ဒါပေမယ့် ဒီလူတွေလက်ထဲရောက်တာတစ်ခုတော့ ကျိန်းသေပါတယ် … ။ အခွန်တွေ ဘယ်ရောက်သွားသွား ၊ အဲဒါ ကျွန်မတို့ အလုပ် မဟုတ်ဘူး .. ။ ကျွန်မတို့အလုပ်က ဥပဒေအတိုင်း ဆက်လျှောက်ပြီး မတရားတဲ့အခွန်ကို မပေးဖို့ ကြိုးစားဖို့ပဲ ရှိတယ် .. ။

အရင်ကလည်း ဒီအခွန်ကိစ္စကို လူတွေ တက်ကြွကြပါတယ် အားပေးကြပါတယ် .. ။ အချို့တစ်လေတော့ လက်မှတ်မထိုးရဲသူတွေတောင် ရှိပါတယ် .. ။ အပြစ်မတင်ပါနဲ့ လူတိုင်းမှာ သူ့အကြောင်းနဲ့ သူရှိမှာပါ ..။ အခုအချိန်မှာ ပြည်သူတွေ သံဃာတော်တွေကတောင် သူတို့အသက်သွေးတွေကို မြေပေါ်မှာ အခြွေခံခဲ့ရပြီ .. ။ ကျွန်မတို့ အပြင်ရောက် မြန်မာတွေ အပြင်မှာ ဘာပဲလုပ်လုပ် ပြည်တွင်းက မြန်မာတွေလောက် အခြေအနေ မဆိုးရွားပါဘူး .. ။ ဒါကို သေသေချာချာ နားလည်သဘောပေါက်တယ်ဆိုရင် ကြောက်နေတဲ့လူတွေ ဘာကိုဆက်ကြောက်ချင်သေးလဲ … ။



ကျွန်မတို့အားလုံး ရောက်တဲ့နေရာမှာ ရောက်လာတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း ဒီမျိုးဆက်မှာပဲ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ပါပြတ်အောင် တိုက်ထုတ်ကြပါစို့ …….. ။






0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။