Monday, November 19, 2007

စင်္ကာပူရောက်မျိုးချစ်မြန်မာများဧ။် မြန်မာ့အရေးဆွေးနွေးပွဲ အခမ်းအနားနှင့် သဘောထားထုတ်ပြန်ချက်




Statement With English & Burmese Language

ကျွန်မ ချက်ချင်းစာမရေးပေးနိုင်ခဲ့တာ စာဖတ်သူများ သည်းခံနားလည်ပေးကြပါရှင် .. အမှန်အတိုင်းပြောရရင် ကျွန်မ တအားပင်ပန်းနေပါတယ် .. ကျွန်မ ဖိုင်နယ်စာမေးပွဲဖြေနေတာရော ပါစင်နယ်တွေရော ပင်ပန်းတာရော အားလုံးပေါင်းပြီး ကျွန်မ ဖျားချင်နေပါတယ် .. အခု ကျွန်မ စာမေးပွဲဖြေပြီး ပြန်လာတာပါ ။ ဒီစာကို ကျွန်မရေးနေတာ တနင်္ဂနွေနေ့ကတည်းကပါ .. ။ စာတွေပြန်စီရတာရော ၊ ပြန်စဉ်းစားရတာရော ၊ လိုအပ်တဲ့ပုံတွေအတွက်ရော ပြန်လည်စုစည်းရတာမို့ အနည်းငယ်ကြာသွားတာ နားလည်ပေးကြမယ်လို့ မျှော်လင့်မိပါတယ် .. ။





စနေနေ့ညနေ ၅နာရီမှာ Excelsior Hotel မှာ ကျင်းပတဲ့ စင်္ကာပူရောက်မျိုးချစ်မြန်မာများဧ။် မြန်မာ့အရေးဆွေးနွေးပွဲ အခမ်းအနားကို ကျွန်မ ၃နာရီခွဲလောက်ကတည်းက စောစီးစွာ ရောက်ရှိသွားပါတယ်။ အရင်အခမ်းအနားတွေထက် ပိုမိုကြီးတဲ့ခန်းမကို တွေ့လိုက်ရချိန်မှာ ခြေလှမ်းပိုကြီးလာတဲ့ OBP အဖွဲ့သားအားလုံးနဲ့ အားပေးသူများအားလုံးကို စိတ်ထဲမှ ကျွန်မ တိတ်တဆိတ်ချီးကျူးဖြစ်ပါတယ် ။ အလုပ်ရှုပ်နေတဲ့ အဖွဲ့သားတွေကို ၀ိုင်းကူပေးဖို့ မေးခဲ့ပေမယ့် ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ နံရံပေါ်က ပိုစတာတွေနဲ့ လက်ကမ်းစာစောင်တွေထဲက အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက် စတိတ်မန့်ကိုပဲ လိုက်ဖတ်ပြီး ပြုလုပ်မယ့်အခန်းအနားအတွက်ပဲ စဉ်းစားခန်းဖွင့်နေခဲ့ပါတယ် .. ။ ဒီအခမ်းအနားကနေ အတည်ပြုမယ့် တောင်းဆိုချက်တွေကို အခမ်းအနားမစခင်ကတည်းက အများကြီး ကြိုသဘောကျ ထောက်ခံစိတ်က ကျွန်မစိတ်ထဲပြည့်နေခဲ့ပါတယ် .. ။


ညနေ၄နာရီခွဲကျော်ကျော်လောက်မှာ ဧည့်ကြိုကောင်တာကို စတင်ဖွင့်လှစ်ပြီး ၅နာရီကျော်ကျော်မှာ ပရိတ်သတ်တွေကို ကြိုဆိုနေရာချပေးကြပါတယ် .. ။ ညနေ ၅နာရီ ၁၅မိနစ်လောက်မှာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာပြီး အဖွင့်အမှာစကားကို OBP မှ အမျိုးသမီးတစ်ဦးက စတင်ပြောကြားပါတယ် .. ။ ညနေ ၅နာရီ ၂၅မိနစ်လောက်မှာ အထူးဖိတ်ကြားထားတဲ့ စင်္ကာပူနိုင်ငံ ပါလီမန်အမတ် Ms Irene မှ အမှာစကားပြောကြားပါတယ် ။ သူမရဲ့ ပြတ်သားတဲ့ စကား ၊ ပြတ်သားတဲ့ အတွေးအခေါ် ၊ ရှင်းလင်းတဲ့ ဆုမွန်ကောင်းတွေအတွက် အထူးပဲ ကျေးဇူးတင်ရှိမိပါတယ်။

`မြန်မာပြည်က အခုလိုအခြေအနေမှာ အစိုးရအနေနဲ့ ဘာတစ်ခုမှ ပြေလည်အောင် မဆောင်ရွက်ပေးဘဲ အရင်အေးချမ်းတဲ့အခြေအနေကို ပြန်မရနိုင်တော့ပါဘူး ။ အစိုးရရဲ့တာဝန်ဆိုတာ ပြည်သူတွေရဲ့ လိုလားချက် ၊ တောင်းဆိုချက်နဲ့ လူသားအခွင့်အရေးတွေကို လုပ်ဆောင်ပေးရပါ့မယ် ။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အဓိပ္ပါယ်ရှိတဲ့ ဒိုင်ယာလော့ခ်ကို စတင်ပါ။ ´ အစရှိတဲ့ မိန့်ခွန်းတွေကို ပြတ်သားစွာ ပြောကြားပေးခဲ့ပါတယ် ။ သူမရဲ့ မိန့်ခွန်းပြောကြားချက်ကို လူထုကြီးက တခဲနက်အားပေးထောက်ခံခဲ့ပြီး အားလုံးက လေးလေးစားစား အားပေးခဲ့ကြပါတယ် .. ။
မိန့်ခွန်းပြောကြားပြီးချိန်မှာ UNSC သို့ပေးအပ်မည့် လူပေါင်း ၃၆၂၆ ဦး ရေးထိုးထားသော Petition Letter ကို စင်္ကာပူနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်ပေးရန် အထူးဧည့်သည်တော် Ms Irene မှ လက်ခံရယူခဲ့ပါတယ်။

၂) မြန်မာ့အရေးကို စင်္ကာပူနိုင်ငံ သံဃာ့သာမဂ္ဂီအဖွဲ့ဝင် ဆရာတော်တစ်ပါးမှ ဗုဒ္ဓဘာသာဧ။် ဒီမိုကရေစီအပေါ်သဘောထားကို ဆွေးနွေးခဲ့ပါတယ်။

`မြန်မာပြည်ဒီမိုကရေစီရဖို့အတွက်ဆိုတာ အခြားပြည်ပနိုင်ငံတွေအပေါ်မှာချည်း အပြည့်အ၀အားကိုးနေလို့မရပါဘူး။ အစိုးရစီမှာ ဒီမိုကရေစီ သွားတောင်းနေကြတယ်။ သူ့မှာက ရှိမှ မရှိတာ ။ ဘယ်လိုပေးမှာလည်း ။ မရှိပါဘူးဆိုတဲ့အရာကို သွားတောင်းနေလို့က ဘာသွားရမှာလည်း။ ဒီမိုကရေစီဆိုတာ တောင်းနေလို့ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ Individual အလုပ်လုပ်ရမယ့် အရာတစ်ခုပါ ။ ဒီမိုကရေစီဆိုတာ သိပ်မြင့်မြတ်တန်ဖိုးကြီးမားတဲ့ အရာတစ်ခုပါ။ အဲဒီအတွက် Individual က ကြိုးစားရမယ် ထိုက်တန်အောင် လုပ်ရမယ်။ Individual ကနေ society ကို ဆက်လက်သွားပါလိမ့်မယ်။ လူသားတွေမှာ အခြားသတ္တ၀ါတွေထက် ပိုသာတဲ့အရာက ဘာသာစကားပြောတတ်ခြင်းပါ။ ဘာသာစကားရှိကြတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ၊ တစ်နေရာနဲ့တစ်နေရာ အဆင်မပြေဖြစ်ကြရင် ကမ္ဘာဦးအစကတည်းက ပြေလည်အောင်ဆွေးနွေးညှိနှိုင်းတယ်ဆိုတာ ဒိုင်ယာလော့ခ်ပါ။ ဘာသာစကားဆိုတာ ကွဲလွဲနေတဲ့ သဘောထားတွေကို စားပွဲပေါ်တင် ဆွေးနွေးဖို့အတွက်ပါ။ လူတိုင်း လူတိုင်းက ကိုယ်စီ ရပိုင်ခွင့် ၊ ယူပိုင်ခွင့် ၊ ပြောပိုင်ခွင့် ၊ လုပ်ပိုင်ခွင့်တွေကို တန်ဖိုးထားရပါ့မယ် ။ ဒိုင်ယာလော့ခ်ဆိုတာ ကမ္ဘာဦးအစကတည်းက ရှိခဲ့တယ်။ အခုလည်း ရှိနေအုန်းမယ်။ နောင်လည်း ဆက်လက်ရှိနေရမှာပါပဲ´ အစရှိတဲ့ မိန့်ခွန်းတွေကို အားမာန်အပြည့်နဲ့ မိန့်ကြားသွားပါတယ်။ ကျွန်မရင်ထဲကို ဒီမိန့်ခွန်းထဲမှတဆင့် နေရာပေါင်းစုံမှ လာထိမှန်ပါတယ်။ ဒီဦးဇင်းမိန့်ခွန်းတွေက ကျွန်မ အမြဲနှစ်သက်လေ့ရှိသလို သေသေချာချာလည်း နားထောင်လေ့ရှိပါတယ်။ />


၃) ကျွန်မတို့နဲ့မိတ်ဆွေလည်းဖြစ် ၊ ခင်လည်းခင်တဲ့ ကိုဝဏ္ဏက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကျွန်တော့်အမြင် ခေါင်းစဉ်ကို ဆွေးနွေးပါတယ်။

`တကယ်တော့ တိုင်းပြည်တစ်ပြည်က လူမှုရေး စီးပွားရေး ပညာရေးကျဆင်းနေရင် ကျွန်ဖြစ်နေတာပါပဲ။ စစ်တပ်ဆိုတာ အခုလက်ရှိမှာ အဓိကဇတ်ကောင်ဖြစ်နေတာပါ ။ တပ်မတော်က ပြည်သူလူထှုဆန္ဒကို မပယ်ဖျက်ဘဲ ဆောင်ရွက်ရမှာပါ ။ တပ်မတော်ဆိုတာ သစ်ပင်တစ်ပင်ရဲ့ အကိုင်းခက်လိုပါ ။ ပြည်သူလူထုဆိုတာတော့ ပင်စည်ကြီးပါ ..။ ကိုင်းတွေက အခု တအားများနေ အင်အားကြီးနေပေမယ့် ပင်စည်ကြီးက လုံးဝဆွေးမြေ့လာတော့ သစ်ပင်တစ်ပင်လုံး သွားရောပေါ့ .. ။ ကျွန်တော်တို့ တိုင်းရင်းသားတွေရော မြန်မာလူမျိုးတွေအားလုံးကရော တပ်မတော်ကို ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်စေချင်ပါတယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာ မဟုတ်ပါဘူး ။ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမှာပါ။ တိုင်းရင်းသားတွေအားလုံးက ပြည်မကြီးကနေ ခွဲထွက်ချင်တာ မဟုတ်ပါဘူး ။ တိုင်းရင်းသားတွေအားလုံးက တန်းတူအခွင့်အရေး ၊ တရားမျှတတာတွေအားလုံးကို အလိုရှိနေတာပါ´ အစရှိတဲ့ ခံစားမှုတွေနဲ့ သူ့ထင်မြင်ချက်တွေအားလုံးကို ရှင်းရှင်းလင်းလင်း ပြောကြားသွားပါတယ် .. ။


၎) ဗုဒ္ဓဘာသာနှင့် လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် ဆရာတော်တစ်ပါးက ဆက်လက်ဟောကြားခဲ့ပါတယ်။

`စီးပွားရေးသမားကြီး တေဇက ပြည်ပနိုင်ငံတွေက မြန်မာပြည်ကို ဆန်ရှင်လုပ်တယ်ဆိုရင် ပြည်သူတွေကိုပဲ အဓိကထိပါတယ်လို့ ပြောသွားပါတယ် ..။ တေဇကို ပြောချင်တာက နိုင်ငံရေးလမ်းကြောင်းမှန်နေမှ စီးပွားရေးလမ်းကြောင်းက ခိုင်မာကြီးပွားမှာပါ .. ။ အခုဆိုရင် မြန်မာပြည်မှာ ဗြောင်လိမ် ဗြောင်စားအဖွဲ့ အာဏာရှင်တွေချည်းပဲ ကြီးပွားနေတာပါ .. ။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူ့အကျိုးကို ထမ်းဆောင်ဖို့ တပ်မတော်ဆိုတာကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ ။ ဦးနေ၀င်းက မြန်မာပြည်ကို ၂၆ နှစ် ။ သာသနာဖျက် မိစ္ဆာ ဦးသန်းရွှေက ၁၉ နှစ် ဖျက်ဆီးနေကြပါပြီ .. ။ အဲဒီတော့ ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ် .. ။ တိုင်းပြည်ကို သူတို့ဒီလိုအုပ်ချုပ်နေတာကို တွန်းလှန်ရမယ် .. ။ တပ်မတော်ထဲက တပ်မတော်သားတွေပဲဖြစ်ဖြစ် ၊ အခြားပြည်သူတွေပဲဖြစ်ဖြစ် သာသနာဖျက် အစွန်းရောက်ဝါဒသမား ၊ အာဏာရှင်ဝါဒသမား ခိုင်းတာတွေ အကုန်လုပ်ကြမှာလား .. ။ တိုင်းပြည်အကျိုးထမ်းဆောင်မှာလား .. ။ သန်းရွှေမိသားစု အကျိုးကို ထမ်းဆောင်မှာလား။ နအဖရဲ့ စနစ်က ခလေးလုံး စနစ်ပါ .. ။ ခိုင်းတာလုပ် ၊ ခေါ်တာသွား ၊ များများခိုး ၊ ခံမပြောနဲ့´ အစရှိတဲ့ မိန့်ခွန်းကို အောင်မြင်စွာ မိန့်ကြားခဲ့ပါတယ် .. ။




၅) စင်္ကာပူနိုင်ငံမှာ အခွန်နှစ်ထပ်ကွမ်းမပေးဆောင်ရရေးလှုပ်ရှားမှုကို ဦးဆောင်နေသူ ကိုနိုင်မိုးအောင်က ပြည်ပရောက်မြန်မာများဧ။် အခန်းကဏ္ဍကို ပုံတွေနှင့်တကွ ဆွေးနွေးတင်ပြသွားပါတယ် .. ။




`ကျွန်တော်တို့ မြန်မာနိုင်ငံက နိုင်ငံအားလုံးရဲ့ တိုးတက်ဖွံ့ဖြိုးမှုအရေအတွက်မှာ နာပါတ်က ၁၆၃ ပါ ။ မြန်မာပြည်အောက်မှာ မြောက်ကိုရီးယားလောက်ပဲ ရှိပါတော့တယ်။ ကျွန်တော်တို့နိုင်ငံ တကယ်အေးချမ်းသာယာပြီး ကြွယ်ဝတဲ့နိုင်ငံဖြစ်လာဖို့ဆိုတာ ကျွန်တော်တို့အားလုံး ကြိုးစားမှ ၊ လူတိုင်းတာဝန်ကိုယ်စီယူမှ ရလာမှာပါ .. ။ ကျွန်တော်တို့ အပြင်မှာနေတဲ့ မြန်မာတွေ ဘာတွေလုပ်နိုင်လဲဆိုတော့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ခိုင်မာစွာ ရပ်တည်ကြရပါ့မယ် ၊ အလုပ်တကယ်လုပ်ကြရပါ့မယ် ၊ မိမိစိတ်ထဲမှာရှိတဲ့ အမှန်တရားကို မှန်ကန်တဲ့သတ္တိနဲ့ ပြောရပါ့မယ် ၊ မတရားတာအားလုံးကို ထောက်ခံအားပေးမှု မပေးရပါဘူး ။ ဒါတွေက ကျွန်တော်တို့အားလုံး လုပ်နိုင်တဲ့အရာတွေပါ။ အမှောင်ထဲမှာ မကောင်းတဲ့အရာတွေကို ထိုင်ပြီးတော့ စဉ်းစားနေမယ့်အစား ဖယောင်းတိုင်လေးတစ်တိုင်ကို ထွန်းညှိလိုက်တာက ပိုသင့်လျော်အကျိုးရှိကောင်းမွန်ပါတယ်´ အစရှိတဲ့ စကားတွေကို ပုံတွေနဲ့တကွ သေသေချာချာ ရှင်းလင်းပြောကြားသွားပါတယ် .. ။

၆) ဘာသာရေးရှုထောင့်မှ မြန်မာ့အရေးခေါင်းစဉ်ကို ဆရာတော်တစ်ပါးမှ မိန့်ခွန်းပြောကြားပေးသွားပါတယ်။

`လူတိုင်း လူတိုင်းက အမျိုးကို ချစ်ကြပါတယ်။ ဒါပေမယ့် ကိုယ်နဲ့တကယ်သွေးသားတော်တဲ့ အမျိုးတစ်စုလေးကိုပဲ ရွေးပြီးချစ်လို့မရပါဘူး။ ဒီခန်းမထဲမှာရောက်နေတဲ့သူအားလုံးက မြန်မာလူမျိုးကို ချစ်လို့ တက်ရောက်နေကြတာပါ။ ဦးသန်းရွှေကရော အမျိုးမချစ်ဘူးလား။ သူလည်းချစ်ပါတယ်။ ဘယ်အမျိုးကို ချစ်တာလည်း။ သူ့အနားက အမျိုးတစ်စုလေးကိုရွေးချစ်နေတာပါ။ မြတ်စွာဘုရားရှင်မိန့်ကြားခဲ့တာက ဘုရား တရား သံဃာကို အကျိုးယုတ်အောင် ယုတ်မာစွပ်စွဲရင် သံဃာတော်တွေက သပိတ်မှောက်ပိုင်ခွင့် ရှိပါတယ်။ အဲဒီတော့ အခုဖြစ်ပျက်ခဲ့တဲ့ သံဃာ့အရေးအခင်းမှာ သံဃာတော်တွေကို စိတ်နဲ့ပြစ်မှားမိသူတွေ ၊ အမြင်လွဲမိသူတွေ သံဃာတွေ သပိတ်မှောက်ပိုင်ခွင့်ရှိလား မရှိသလား သိသင့်လောက်ပါပြီ။ မြတ်စွာဘုရားက သံဃာတော်တွေ သပိတ်မှောက်ရင် အပြစ်ရှိတယ်လို့ မဟောကြားခဲ့ပါဘဲ မဟုတ်တာလျှောက်စွပ်စွဲနေသူတွေက မယားပါသားက အဖေအရင်းကို ပြန်စော်ကားနေတာနဲ့တူနေပါတယ် .. ။ မြန်မာစကားပုံထဲကအတိုင်း ဦးသန်းရွှေတို့အုပ်စုကို ကျွဲပါးစောင်းတီးနေခဲ့ကြာတာ နှစ်တွေကြာခဲ့ပါပြီ .. ။ အခုက စကားပုံက ဒီလိုဖြစ်နေပါတယ် … ကျွဲပါးစောင်းပြတ်ပါ .. တီးရလွန်းလို့ စောင်းကြိုးတွေလည်း ပြတ်ထွက်နေပါပြီ´ အစရှိတဲ့ စကားတွေနဲ့ အမှန်တရားကို ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် လမ်းကြောင်းတွေကို ဟောကြားခဲ့ပါတယ်… ။

၇) ကျွန်တော်သိသော ဒီမိုကရေစီနှင့် လွတ်မြောက်ရေးခေါင်းစဉ်ကို OBP အဖွဲ့မှ မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးက ပြောကြားပါတယ် .. ။

`ကျွန်တော်တို့မြန်မာအားလုံးက ငါတို့လုပ်လည်း မြန်မာပြည်ကြီးက ဘာမှဖြစ်လာမှာ မဟုတ်ပါဘူးဆိုတဲ့ အတွေးအခေါ်ကို ခေါင်းထဲကနေထုတ်ပြီး မြောင်းထဲလွှင့်ပစ်ဖို့အချိန်ကိုရောက်နေပါပြီ .. ။ ခိုင်မြဲလှပါတယ်ဆိုတဲ့ မဆလပါတီကြီးကိုတောင် ၈လေးလုံးအရေးတော်ပုံကြီးက ဖြိုခွဲနိုင်ခဲ့ပါတယ် .. ။ ထိုက်တန်တဲ့ပေးဆပ်မှုတွေရဲ့ နောက်ကွယ်မှာ ရသင့်ရထိုက်တဲ့အကျိုးတွေက ဖြစ်ပေါ်လာမှာပါ .. ။ အဲဒီအတွက် ကျွန်တော်တို့အားလုံး ကြိုးစားဆောင်ရွက်ရပါ့မယ် ..´အစရှိတဲ့ တက်ကြွသောစကားတွေနဲ့ မြန်မာလူထုကို အားမာန်အပြည့်ဖြင့် ပြောကြားခဲ့ပါတယ် ..

၈) မြန်မာပြည်သူပြည်သားများအား ကူညီခြင်းဆိုတဲ့ခေါင်းစဉ်ဖြင့် NUS မှ ကျောင်းသူတစ်ဦးဖြစ်တဲ့ မပန်းသဉ္ဇာမျိုးက ခံစားချက်ဖြင့်ပြောကြားသွားပါတယ် .. ။


မပန်းသဉ္ဇာပြောတဲ့အကြောင်းအရာတွေ ၊ လက်တွေ့သွားခဲ့တဲ့ တိုင်းရင်းသားနယ်တွေရဲ့ အဖြစ်အပျက်တွေကို စလိုက်တွေမှတဆင့်ကြည့်ရချိန်မှာ အများကြီးစိတ်မကောင်းဖြစ်မိပါတယ် … ။ ကျွန်မတို့ မြန်မာပြည်က ကလေးတွေရဲ့ စုတ်ပြတ်နုံချာနေတဲ့ ဘ၀အဖြစ်အပျက်တွေအားလုံးကို မြင်ရ မြင်ရတိုင်း ကျွန်မနှလုံးသားထဲ နာမိပါတယ် .. ။ မပန်းသဉ္ဇာပြောတဲ့အကြောင်းအရာထဲမှာ ကျွန်မ သေသေချာချာမှတ်မိလိုက်တာကတော့

`မြန်မာပြည်ရဲ့ တိုင်းရင်းသားကျေးရွာလေးတွေမှာ ကူညီဖို့အတွက် အုပ်စုလိုက်သွားတဲ့အထဲမှာ မြန်မာလူမျိုးက အနည်းဆုံးဖြစ်နေပါတယ်။ အခြားလူမျိုးတွေက အင်အားပိုများပြီး သွားခဲ့ရတာပါ .. ။ မြန်မာလူမျိုးကို လိုက်ခေါ်တော့ သူတို့က ဘာပြောလဲဆိုတော့ … ငါတို့လုပ်လိုက်လို့ တိုင်းပြည်က ဘာဖြစ်သွားမှာမို့လို့လဲဆိုတဲ့ စကားကိုပဲ ပြောကြတာ များပါတယ်´

ဒီစကားကိုပြောသူတိုင်းကို ကျွန်မ လင်းလက်ကြယ်စင်လည်း မကြိုက်ပါဘူး .. ။ ဒီလိုစကားမျိုးကို ပြောထွက်ရက်တဲ့ လူကို မြန်မာလားလို့တောင် အံ့သြစွာကြည့်ရမယ့်အခြေအနေပါပဲ .. ။ အကြီးကြီးကို လိုက်မလုပ်နိုင်ရင် ကူညီတဲ့အပိုင်းသေးသေးလေးတွေကို လုပ်ပေးလိုက်ခြင်းက တာဝန်ကျေခြင်းတစ်ခုပါ။ ဒါကို ကျွန်မတို့အားလုံး မမေ့သင့်ပါဘူး .. ။

မပန်းသဉ္ဇာတို့ရဲ့အစီစဉ်တွေကို ကျွန်မက သဘောကျတဲ့အတွက် ဖြစ်နိုင်ရင် နောက်တစ်ခါ လုပ်အားပေး ကူညီမယ့်ခရီးစဉ်မှာ လိုက်သွားဖို့တောင် စဉ်းစားခဲ့ပါတယ် .. ။ နယ်စပ် သွားမယ့်အစီစဉ်ကို ကျွန်မ တအားသွားချင်နေပါတယ် .. ။ ကျွန်မ မိဘတွေကို ဖွင့်ဟတိုင်ပင်ကြည့်တော့ သူတို့က ကျွန်မသွားချင်တာကို သဘောကျပါတယ် .. ။ ကျွန်မရဲ့ လေတိုက်ရင်တောင်လဲတော့မယ့်ပုံစံကနေ အများကြီးတိုးတက်လာရင် သွားခွင့်ပြုပါ့မယ်တဲ့။ ကျွန်မလည်း တော်တော်အကျပ်ရိုက်နေပါတယ် .. ။ ကျွန်မပုံစံက အမြဲတမ်းဒီပုံစံပါ ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ မဝေးတဲ့နှစ်မှာ ကျွန်မသွားဖို့တော့ စိတ်ကူးထားပါတယ် .. ။

ရင်ဖွင့်သံ ၊ မိမိကိုယ်ပိုင်အတွေးတွေကို ပြောကြားပြီးချိန်မှာ ကြွရောက်လာသော ဧည့်ပရိတ်သတ်တွေထံက မရှင်းလင်းတာတွေကို မေးမြန်းစေပါတယ် .. ။ ဘာသာရေးနဲ့ဆိုင်တဲ့ မေးခွန်းကိုပဲ အရင်မေးမြန်းစေတာပါ။

ပရိတ်သတ်ထဲက မေးတဲ့မေးခွန်းတွေကလည်း လန့်စရာကောင်းလှအောင် ခံစားချက်တွေ ပြင်းထန်လှပါတယ်။ `ဦးသန်းရွှေက ဗုဒ္ဓဘာသာဟုတ်ရဲ့လား´ ၊ `ဘုရားသားတော်တွေကို ပြစ်မှားမိရင် မြေမျိုတယ်ဆိုရင် ဒီလိုလုပ်သူတွေက ဘယ်တော့မှဖြစ်မှာလဲဘုရား´ ၊ `မြန်မာပြည်ကို မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ အာဏာရှင်တွေကို အသေခံဗုံးခွဲတိုက်မယ်ဆိုရင် ဘ၀ပေါင်းငါးရာတိုင်တိုင် ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ အပြစ်ကျရောက်နိုင်ပါသလားဘုရား´ အစရှိတဲ့ ပြင်းထန်တဲ့မေးခွန်းတွေကို ပရိတ်သတ်က မေးမြန်းပါတယ်။ ဖြေကြားပေးတဲ့ ဦးဇင်းတွေလည်း တော်တော်တော့ စဉ်းစားဖြေပေးခဲ့ပါတယ်။ အချိန်ကန့်သတ်ထားတဲ့အတွက် ကျန်၇ှိနေတဲ့ မေးခွန်းတွေနဲ့ အားလုံးကို OBP Website မှာ ဖော်ပြပေးပါလိမ့်မယ်။

OBP က ကိုကျော်စိုးက ဒီအဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်တွေ ၊ လုပ်ဆောင်နေတာတွေကို ထပ်မံရှင်းလင်းပြောကြားပြီးချိန်မှာ ဒီအခမ်းအနားကနေ အတည်ပြုထုတ်ပြန်လိုက်တဲ့ statement ကို ထပ်မံအတည်ပြုရွတ်ဆိုပါတယ် .. ။

ကျဆုံးသွားသော အာဇာနည်ရဟန်းရှင်လူ ကျောင်းသား ပြည်သူများအား ဂုဏ်ပြုသောအားဖြင့် ၁မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုပြီးချိန်မှာ ပြည်ပရောက်မျိုးချစ်မြန်မာများဧ။် သစ္စာပြုကြွေးကြွော်သံကို အားလုံးက တူညီစွာရွတ်ဆိုခဲ့ကြပါတယ် .. ။ ကျွန်မတို့အားလုံး အလွတ်ရတဲ့ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြပြီး နှလုံးသားထဲကခံစားမှုနဲ့ထပ်တူဖြစ်တဲ့ ကမ္ဘာမကြေဘူးသီချင်းကို သံကုန်သီဆိုခဲ့ကြပါတယ် … ။

အခမ်းအနားပြီးဆုံးသွားချိန်မှာ အားလုံးက စည်းကမ်းရှိရှိနဲ့ လုပ်စရာရှိတာတွေ ဆက်လုပ်နေကြတာ တွေ့ရတာ အများကြီးဝမ်းသာကြည်နူးလှပါတယ် .. ။ မိုးယံထက်မှာ ပဲ့ထင်နေတဲ့ နှလုံးသွေးထဲက ခံစားမှုတွေအားလုံး စေညွှန်ရာအဖြစ် ဒီအခမ်းအနားကိုကြွရောက်လာကြတဲ့ မျိုးချစ်မြန်မာအားလုံးကို ကျွန်မ အထူးကျေးဇူးတင်ရှိမိပါတယ်။

ဒီအခမ်းအနားကနေ ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်ကို ကျွန်မ တအားသဘောကျပါတယ် ။ တူညီတဲ့ တောင်းဆိုချက်တွေက တကယ်တော့ တူညီတော့ ခံစားမှုတွေကြောင့်ပါ .. ။ ဒီလိုအခမ်းအနားတွေကနေ လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေ ပိုမိုရင်းနှီးပြီး လုပ်စရာရှိတာတွေကို တက်ညီလက်ညီ ပိုမိုလုပ်ဆောင်လာကြတာက တိုးတက်မှုအပိုင်းတွေပါ .. ။ ကျွန်မကိုယ်တိုင်လည်း တက်ကြွတဲ့လူအချင်းချင်း နာမည်သာကြားဖူးပြီး လူချင်းမမြင်ဖူးတာတွေ အချင်းချင်း ပိုရင်းနှီးသွားကြပြီး တစ်ဖွဲ့ကလုပ်ချင်တာကို အားလုံးက သေချာဆွေးနွေးအားပေးကြတာတွေ ၊ ကိုယ်တိုင်ပါဝင်နိုင်တာတွေ ပါဝင်နေကြတာတွေ အားလုံးအတွက် စိတ်ထဲမှာတော့ တိုးတက်မှုတွေအဖြစ်တော့ ကျေနပ်မိပါတယ် .. ။

ကျွန်မတို့လျှောက်တဲ့ခြေလှမ်းက အတိုင်းအတာတစ်ခုထိ သက်ရောက်မှုဖြစ်သလို ကျွန်မတို့အားလုံး စည်းလုံးညီညွတ်မှု ၊ သွေးစည်းမှု ၊ မျိုးချစ်စိတ်ဓါတ်ကို ပြသနိုင်ခဲ့တဲ့အတွက် ဒီအချိန်တွေမှာ ဒီလို အခမ်းအနားတွေ လုပ်နိုင်ခဲ့ကြတာပါ .. ။ ကျွန်မတို့ခြေလှမ်းတွေ ရပ်နေလို့ မပြီးသေးပါဘူး ။ ကျေနပ်အားရနေရုံနဲ့လည်း မဖြစ်သေးပါဘူး ။ ဒီထက်လူတွေ ပိုစိတ်ဝင်စား ပါဝင်လာရဲအောင် ကြိုးစားဖို့က ကျွန်မတို့ မြန်မာအားလုံးရဲ့ တာဝန်တစ်ခုပါ . .. ။

မိုးယံထက်မှာ ပဲ့ထင်နေတဲ့ သစ္စာပြုကြွေးကြော်သံတွေ ၊ ရင်ဘတ်ထဲက ဖွင့်ဟထွက်ရှိလာတဲ့ ခံစားမှုတွေ ပေါင်းဆုံနေတဲ့ ဒီကျွန်းလေးပေါ်ကနေ ကျွန်မတို့ချစ်တဲ့ အမိမြေအတွက် မလျှော့သောစိတ်ခွန်အားနဲ့ ရှေ့ဆက်လှမ်းကြပါစို့ … ။


0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။