Saturday, November 10, 2007

အိတ်ထဲရှိသမျှ အကုန်ထုတ်ပြ



ကိုမာန်လှိုင်းငယ်က Tag လိုက်ပြန်တော့ သူရေးဖို့တောင်းဆိုထားတာတွေ အကြွေးကျန်နေတာကိုကျွန်မ ပိုအားနာမိပါတယ် .. ။ အိတ်ထဲရှိသမျှအကုန်ထုတ်ပြရမယ့် အကြောင်းကို အခုရေးပေးလိုက်ပါပြီရှင်။


ကျွန်မက လက်ကိုင်အိတ်လှလှလေးတွေ ၊ စလင်းဘတ်လှလှလေးတွေ ၊ ကျောပိုးအိတ် သေးသေးလေးတွေ ၊ ဘေးလွယ်အိတ်သေးသေးလေးတွေ လွယ်တာ အရမ်းဝါသနာပါပါတယ် ။ မိန်းကလေးဆန်တာ သိပ်ကြိုက်တဲ့ကျွန်မက မိန်းကလေးတစ်ယောက်အလှကို ပိုဝင့်ထည်စေတဲ့ အရောင်နုနုအိတ်လေးတွေဆို သိပ်သဘောကျပါတယ် .. ။


ပုံမှန်အချိန်ဆိုရင်တော့ အဖြူရောင်အိတ်လေးတွေပဲ ကျွန်မလွယ်လေ့ရှိပါတယ် .. ။ ရန်ကုန်မှာနေတုန်းကတော့ အိတ်မှာ ကီးချိန်းလေးတွေအများကြီး ချိတ်တဲ့အကျင့်ရှိခဲ့တယ် ။ ဒီရောက်တော့ ကီးချိန်းလှလှလေးတွေ ကျွန်မ သိပ်မရှာဖြစ်တာရော ၊ ဈေးက အမြဲတအားကြီးတာရောပေါင်းပြီး အိတ်တွေမှာ ကီးချိန်းမတပ်ဖြစ်တော့ဘူး ။ အိတ်ထဲမှာ ဘာတွေအမြဲဆောင်လေ့ရှိလဲဆိုတော့


၁) ပိုက်ဆံအိတ်ကို မမေ့အောင်တော့ အမြဲစစ်လေ့ရှိတယ်။ ပိုက်ဆံအိတ်ထဲမှာတော့ cash အချို့ရယ် ၊ ATM Card ရယ် ၊ ဘတ်စ်ကားစီးဖို့ ကဒ်ရယ် ၊ သူငယ်ချင်းတွေ လိပ်စာကဒ်တွေရယ် ၊ ဖက်ရှင်ကျတဲ့ ဆိုင်တွေနာမည်ကို သိမ်းထားတဲ့ လိပ်စာကဒ်အချို့ရယ် ၊ အရေးကြီးတဲ့ အိုင်စီရယ် ၊ ချစ်သူဓါတ်ပုံသေးသေးလေးရယ် တော့ အမြဲဆောင်ထားလေ့ရှိပါတယ်။


၂) ဘီးတစ်ချောင်း အမြဲမမေ့မလျော့ဆောင်ထားလေ့ရှိပါတယ်။ ကျွန်မဆံပင်က ကျောလယ်လောက်ထိ သိပ်ရှည်လွန်းနေတော့ ဘီးမပါရင် မဖြစ်ပါဘူး ။ ကျွန်မ အပြင်သွားရင် ရထားပေါ်မတက်ခင် Toilet ထဲဝင်ပြီး မှန်တစ်ခါကြည့်တယ်။ ဆံပင်တွေနည်းနည်းပွနေတယ်လို့ထင်ရင် ပြန်သေချာလုပ်ရတယ် ။ ရထားပေါ်ကဆင်းပြီး လိုရာနေရာရောက်ရင်လည်း toliet ထဲသွားပြီး တခါကြည့်လေ့ရှိတယ်။


၃) Hair Coat ဘူးသေးသေးလေး အမြဲဆောင်ထားလေ့ရှိတယ် ။ အဓိကက ဆံပင်တွေ ပွလာရင် ၊ သိပ်ခြောက်တယ်လို့ ထင်လာရင် လိမ်းဖို့အတွက်ပါ။


၎) Lip Gloss လေးတစ်ခု အမြဲဆောင်ထားပါတယ်။ တစ်ခါတစ်လေတော့ ၂ရောင် ၃ရောင် ဆောင်ထားပါတယ်။ နေပူထဲသွားမယ်ဆိုရင်တော့ sun block lip gloss လေးကို ပန်းနုရောင်ဖျော့ဖျော့လေးပဲ ဆောင်ထားတယ်။


၅) မျက်နှာအဆီပြန်မှာစိုးလို့ Oil Control အချပ်ကလေးတွေနဲ့ Tissues နှစ်အိတ်လောက်တော့ အမြဲဆောင်ထားလေ့ရှိတယ်။


၆) ထီးတစ်ချောင်းအမြဲပါတယ်။ စင်္ကာပူမိုးက ရွာချင်တဲ့အချိန်ရွာတာကို ကျွန်မ သိနေလို့ပါ။ နေပူလွန်းရင်လည်း အသားမဲမှာစိုးလို့ ထီးဆောင်းတတ်ပါတယ်။


၇) ကျွန်မဖတ်လက်စ စာအုပ်တစ်အုပ်ကို ရထားပေါ်မှာ ဖတ်ဖို့ အမြဲဆောင်လေ့ရှိတယ်။


၈) စာအုပ်သေးသေးလေးတစ်ခုနဲ့ ဘောလ်ပင်တစ်ချောင်းကို လိုမယ်လိုရာ ရေးမှတ်ဖို့လည်း ထည့်ထားလေ့ရှိပါတယ်။


၉) ကျွန်မမျက်လုံးက အခုနောက်ပိုင်း အဝေးကိုကြည့်ရင် နည်းနည်းဝါးနေတာမို့ မျက်မှန်တပ်ရပါတယ် ။ လမ်းသွားရင်တော့ မျက်မှန်တပ်ချင်ရင် တပ်ထားပါတယ် ။ မတပ်ရင်တော့ အိတ်ထဲမှာ ဆောင်ထားလေ့ရှိပါတယ်။ နေကာပါတခါတည်းတပ်ထားတော့ မျက်လုံးကိုနေရောင်ကနေ ကာကွယ်ပြီးသားပေါ့။


၁၀) Electronic Dictionary လေးတစ်ခုလည်း ဆောင်ထားလေ့ရှိတယ်။ မသိတဲ့စကားလုံးတစ်လုံးမြင်ရင် ချက်ချင်းကြည့်နိုင်အောင်လို့ပါ။


၁၁) လက်ကိုင်ဖုန်းနဲ့ သီချင်းတွေထည့်ထားတဲ့ mp3 recorder လေးကတော့ အမြဲတမ်း မမေ့မလျော့ ယူသွားရတာပေါ့ ။


၁၂) ကိုယ်မရောက်ဖူးတဲ့ နေရာသစ်တစ်ခုကို အလည်သွားမယ်ဆိုရင် လေ့လာစရာတစ်ခုခုလည်း ရှိမယ်လို့ထင်ထားရင်တော့ တစ်ခါတစ်လေ ကင်မရာယူသွားပါတယ်။ အမြဲတမ်းတော့ ယူသွားလေ့မရှိပါဘူး။


ကဲ .. ကျွန်မအိတ်ကလေးထဲမှာတော့ ပစ္စည်းတွေက သိပ်ကိုစုံလင်နေပါတယ် .. ။ ရှုပ်မနေအောင်လည်း အိတ်ကပ်တွေခြားပြီး သူ့အကန့်နဲ့သူ ပစ္စည်းတွေကို ထည့်ထားရပါတယ် .. ။ အပြင်တစ်ခါသွားမယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းအကုန်ပါရဲ့လား ၊ ရှင်းရှင်းလင်းလင်း ထည့်ထားရဲ့လား .. အကြိမ်ကြိမ်စစ်ဆေးရတာလည်း အမောပါပဲ .. ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မကတော့ လိုအပ်တဲ့ပစ္စည်းလေးတွေကို သယ်ဆောင်ရင်း အိတ်ထဲက ပစ္စည်းတွေများနေသလို မိမိစိတ်နှလုံးသားတစ်ခုလုံးကိုတော့ မရှုပ်ထွေးနေအောင် ကြိုးစားကျင့်ယူနေလျက်ပါ။


အိတ်ထဲရှိသမျှအကုန်ထုတ်ပြဖို့အတွက်

ဗမာပြည်သားကိုဇော်မျိုး

ကိုကောင်းကင်ကို

ကိုကဒေါင်းညင်သာ

မရွှေဂျမ်း

chaos တို့ကို လက်ဆင့်ကမ်းလိုက်ပါတယ်ရှင် .. ။



0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။