Tuesday, November 06, 2007

သမီးအတွက်ကဗျာတစ်ပုဒ်




ကျွန်မလေးစားချစ်ခင်ရတဲ့ ကျွန်မမွေးစားဖေဖေ ( ကလောင်အမည် - ကိုမွှေး ) က ကျွန်မမေးလ်ထဲကို ဒီကဗျာလေး ပို့ပေးလိုက်ပါတယ်။ ကျွန်မဖတ်ပြီးချိန် စိတ်ထဲအများကြီး ခံစားရသလို ၀မ်းမြောက်ဝမ်းသာဖြစ်မိတယ်။


ကျွန်မသွားနေတဲ့ ဘ၀ခရီးလမ်းကြောင်းမှာ အရေးပါဆုံးလူတွေထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ကျွန်မမွေးစားဖေဖေကို ဒီနေရာကနေ ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ အမြဲတမ်း အားပေးပြီး သွန်သင်ပြသဆုံးမပေးတဲ့ မွေးစားဖေဖေစေတနာတွေကို ဘယ်တော့မှ မမေ့ဘဲ ကျွန်မ အမြဲတမ်းဒီထက်ပိုပြီး ကြိုးစားသွားမယ်ဆိုတာကို ပြောလိုပါတယ်။



သမီးလင်းလက်ကြယ်စင်သို့....



သမီးရေ…


ယသော်ဓရာဖြစ်ဖို့မလိုပါဘူးကွာ

ဝိသာခါဖြစ်လို့ လဲမလိုဘူးသမီး

သမီးဟာ သမီးဖြစ်နေခြင်းကကို

လင်းလက်ပြည့်စုံနေပါပြီ။




မနေ့က..

ဒီကနေ့ …

မနက်ဖြန်…

ကာလသုံးပါးမှာ

လူဆိုတာ ရခဲတဲ့ လူ့အဖြစ်ကို

ဥစ္စာဆိုတာနဲ့ဖြစ်ဖြစ်

အာဏာဆိုတာနဲ့ဖြစ်ဖြစ်

တဏှာဆိုတာနဲ့ဖြစ်ဖြစ်

ထုဆစ်ပုံဖော်တာမဟုတ်ဘူး..။




တိုင်းပြည်..

ပြည်သူ..

လွတ်မြောက်ရေး..

စတေးသူတွေက…

စတေးပေးဆပ်

နင်းခြေသူတွေက…

အပြင်းနင်းခြေ

ပျိုးထောင်သူတွေက….

စိတ်မပျက်တန်းပျိုးထောင်

သတိနဲ့သွေးမကြောင်ဖို့တော့လိုတယ်သမီးရေ..။




အဖေတို့ငယ်ငယ်က

ဘ၀ဆိုတာ သီချင်းတပုဒ်

ချိုပေါ့ကျတခွက် စီးကရက်တစ်လိပ်

လအရိပ်မှာ ချစ်သူ့ခြံစောင်ရင်း

ဂစ်တာနဲ့သီချင်းငြီး

ယာယီပြီးပြည့်စုံခြင်းတွေ..

လွတ်လပ်ခြင်းအရေပါးပါးနဲ့

ကျွဲခြေရာကွက်ထဲ ကျက်စားခဲ့တာပေါ့။




မသိခဲ့…

မရှိခဲ့..

သတိမဲ့စွာ..

နေသာသလိုနေ

ဝေဒနာဆိုမဖွေပဲ

ဖရိုဖရဲဒုက္ခ

မလွတ်လပ်လှတာမမြင်တတ်ခဲ့..

မြင်နိုင်မှုမျက်စိကိုလှည့်စားတဲ့

တို့ခြေထောက်တွေကခြေကျင်းတွေကို

လေးလံလှရဲ့လို့မတွေးမိခဲ့ဖူးလေ..။





ထောင့်ကိုးရာရှစ်ဆယ့်ရှစ်

သမိုင်းသစ် ခေတ်ပြောင်း..

မောင်းပြန်ကို ဒေါင်းလံနဲ့စီးချင်းထိုး

ဦးမကျိုး ခေါင်းမငုံ့

မတုန့် မလှည့် မတွေဝေ

ဒဏ်ရာတွေပြည့်သွားပါစေ

သချို င်္င်းမြေ ချဲ့ ကြစမ်းပါစေ

ရာဇ၀င်တော့အရိုင်းမခံ

တော်လှန်မဟေ့ဆိုတဲ့

လူငယ့်သမိုင်း

ခေတ်တိုင်းခေတ်တိုင်းကလို

မျိုးဆက်ကိုစောင့်ထိမ်း

ဒေါင်းတသိန်းတောင်ပံဟုန်နဲ့

ဇာတိဂုဏ်မှတ်ကျောက်

အောင်လံနဲ့တောက်ပ

တော်လှန်ကြရဲ့..။





အဲဒီတုန်းက….

တိုက်ပွဲစပြီ..

ရောင်နီမရှိ…

မှောင်အတိကျ..

ကျောင်းဘေးတလင်း

ဒေါင်းသွေးခင်းတော့

မာန်မလျှော့

ဟန်မပျော့

ဌာန်မလျော့ခဲ့ဘူးသမီး…။





စက်တင်ဘာနှစ်ထောင့်ခွန်

စစ်ကျေးကျွန်ဘဝ

ရုန်းထတော်လှန် သွေးသံရဲရဲ

လွတ်မြောက်မှုအတွက်

အသက်နဲ့လဲတဲ့

ရဲဝံ့သံဃာ

နောက်ပါပြည်သူ

ဖြူစင်မေတ္တာ သေမှာမကြောက်

ဒူးမထောက်တဲ့သူတို့ရဲ့သစ္စာ

အဖေတို့ ဖောက်ရဲပါသလားသမီး။




ကိုယ့်ခွန်ကိုယ့်အား

ကိုယ့်သွေးသားနဲ့

ပြတ်သားတဲ့သမီး

ဟောဒီခရီး…

မပြီးသေးဘူးသမီးရဲ့

သတိနဲ့လှမ်း

မလျှော့တမ်းဇွဲ

ရဲရင့်သတ္တိ

ပကတိကျောက်စိုင်

အတွေးအခေါ်နဲ့ခိုင်မာ…

ချီတက်ရာလမ်း..

ကြမ်းစေကွေ့ ကောက်

မကြောက်တဲ့သမီး…..။






သမီးရေ…

ယသော်ဓရာဖြစ်ဖို့မလိုပါဘူးကွာ

ဝိသာခါဖြစ်လို့ လဲမလိုဘူးသမီး

သမီးဟာ သမီးဖြစ်နေခြင်းကကို

လင်းလက်ပြည့်စုံနေပါပြီ။




ကိုမွှေး








1 comments:

ဆောင်းယွန်းလ said...

This is great poem. Sometime, kind of that poems are stronger than modern. Thank you for your post.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။