Friday, January 18, 2008

အနှိုင်းမဲ့ .. ကျေးဇူးရှင်


အနှိုင်းမဲ့ .. ကျေးဇူးရှင်


အလုပ်တွေကြားနစ်မြုပ်

ပင်ပန်းမှုပေါင်းများစွာဖြစ်နေခဲ့လည်း

ဘယ်တော့မှ မငြီးငြူ

မိသားစုအတွက်တာဝန်ယူ

လိုအပ်သမျှ အကုန်ဖြည့်ဆည်းပေးတဲ့ ဖေဖေ .. ။


အမေ့မေတ္တာ ကြီးမားသလို

ဖေဖေ စောင့်ရှောက်သမျှ

သားသမီးတို့အတွက်

တန်ဖိုးမဖြတ်နိုင်တဲ့

အနှိုင်းမဲ့ ကျေးဇူးရှင်ပါပဲ ဖေဖေ .. ။


အခက်ခဲတိုင်း မကြောက်ရွံ့

သမီးတွေအတွက် ရှေ့တန်းတင်ရင်း

ဘ၀မှာအရာအားလုံးပြည့်စုံအောင်

ဖန်တီးတည်ဆောက်ပေးခဲ့တဲ့

မေတ္တာတွေအားလုံးအတွက်

ကျေးဇူးပါပဲ ဖေဖေ .. ။


ရံဖန်ရံခါ

အားငယ်စိုးရိမ်မှုတွေဝင်တိုင်း

သတ္တိအပြည့်ရှိအောင်

အားမာန်တွေပေးခဲ့တဲ့ ဖေဖေ

အသက်ရှင်ခွင့်ရခိုက်မှာ

အမှန်တရားနှင့်မျှတမှုတွေအတွက်

ရဲရဲဝင့်ဝင့်သိရှိရင်ဆိုင်နိုင်အောင်

အမြဲသွန်သင်ပေးခဲ့တဲ့ ဖေဖေ

ဒီကျေးဇူးတွေအားလုံးအတွက်

ရင်နှင့်အမျှ ဦးခိုက်ထားလျက်ပါ ဖေဖေ .. ။


ထက်မြက်ထူးချွန်တဲ့ဖေဖေကြောင့်

မိသားစုတစ်ခုလုံး

အပူပင်မရှိ အေးချမ်းစွာ

လောကအလယ်မှာတင့်တယ်နိုင်ခဲ့တာ

ဖေဖေသွန်သင်ဆုံးမတဲ့

မာနသတ္တိတွေအားလုံး

သမီးတွေမှာ ခိုင်မြဲနေခဲ့ပါပြီ ဖေဖေ .. ။


`မတရားတာအတွက်တော့

မချမ်းသာချင်နေပါစေ

ဘာဆိုဘာမှမလုပ်မိစေနဲ့´ဆိုတဲ့

ဖေဖေစကားတစ်ခွန်းတည်းနဲ့

ဒီကနေ့ဒီအချိန်ထိ

လူတွေအားလုံးနဲ့ရင်ဆိုင်ချိန်မှာ

လိပ်ပြာသန့်စွာ ယုံကြည်ချက်တွေပိုခိုင်မာတတ်ခဲ့ပြီ ဖေဖေ .. ။


`ငါ့သမီး´ဆိုတဲ့စကားသံကိုရွေရွတ်

ဘာမဟုတ်တဲ့လုပ်နိုင်တာလေးအချို့အတွက်

အမြဲဂုဏ်ယူအားပေးနေတတ်တဲ့ဖေဖေ

အခုအချိန်မှာဆိုရင်

စိတ်အားငယ် ကြောက်လန့်စရာတွေဆိုတာ

သမီးတို့အတွက် နည်းနည်းမျှမသက်ဆိုင်

ခွန်အားသတ္တိတွေအမြဲမွေးရင်း

လောကအလယ်မှာ ကြံ့ကြံ့ခံရင်ဆိုင်တတ်ပါပြီ .. ။


`ဘ၀မှာဘာပဲလုပ်လုပ်

သူများကိုသာလိမ်လို့ရမယ်

ကိုယ့်ကိုယ်ကိုယ်လိမ်လို့မရဘူး

ကိုယ့်လိပ်ပြာကိုယ်အမြဲတမ်းသန့်စင်အောင်နေ´

ဆုံးမစကားတွေနဲ့

အလင်းရောင်ပေးခဲ့တဲ့ ဖေဖေ

အနှိုင်းမဲ့သခင်ကျေးဇူးရှင်ပါပဲ .. ။


အရွယ်ရောက်လူလားမြောက်ချိန်

ဖေဖေ့ကျေးဇူးကြွေးတွေဆပ်ဖို့

ကြိုးစားထမ်းဆောင်နေရင်း

ဘ၀ဆိုတဲ့ဇတ်ခုံကြီးပေါ်လျှောက်လှမ်းနေချိန်

ရင်ထဲကဒီကဗျာတစ်ပုဒ်နဲ့

ရိုသေစွာ ကန်တော့လိုက်ပါတယ် ဖေဖေ .. ။

လင်းလက်ကြယ်စင်

3 comments:

Yan said...

ရင်ထဲက ကဗျာလေးမှာ ဘ၀မာန်တွေ၊ ယုံကြည်ချက်တွေ၊ လွမ်းမောခြင်းတွေ၊ အောက်မေ့တမ်းတခြင်းတွေ၊ မျှော်လင့်ချက်တွေ၊ တည်ငြိမ်ရင့်ကျက်ခြင်းတွေ၊ တန်ဖိုးထားတတ်ခြင်းတွေ အချိုးကျ ပါဝင်ပေါင်းစပ်နေကြတယ်.

အထင်ရှားအပြတ်သားဆုံးကတော့ ဖခင်တစ်ယောက်ရဲ့ မှန်ကန်စွာ သွန်သင်ပြသလမ်းညွှန်ပေးတတ်မှုကြောင့် ဘ၀ရဲ့ စိန်ခေါ်ချက်တွေကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ရင်ဆိုင်ကျော်ဖြတ်အနိုင်ယူနေတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ ဘ၀မာန်ပါပဲ်.

မလင်းလက်ရဲ့ ဖခင်သာ ဒီကဗျာလေးကို ဖတ်ရမယ်ဆိုရင် ဘယ်လောက် ကြည်နူးဝမ်းသာ ပီတိဖြာလိုက်လိမ့်မလဲလို့ ကျွန်တော်တွေးကြည့်နေမိတယ်ဗျာ…

ခင်မင်လေးစားလျက်

ရန်အောင်

M.Y. said...

ဖခင်မေတ္တာကိုရိုးရှင်းစွာဖွဲ့ ထားတဲ့ချစ်စရာ ကဗျာကောင်းလေးတစ်ပုဒ်…
မောင်ရင်

tinmoelintun said...

I hope every father will be like that. But i am so sad about my daughter. She cannot get the feeling as u get.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။