Sunday, February 10, 2008

နအဖရဲ့တိုက်ပွဲခေါ်သံ(ရဲဘော်ငြိမ်း)


န.အ.ဖ ရဲ့ ကြေငြာချက်တွေကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ

၁) ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပါယ်ရန်ကြိုးစားခြင်း

၂) ရွေးကောက်ပွဲအနိုင်ရပါတီမှ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးအပါအ၀င် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးရေးအား လျစ်လျှူရှုခြင်း။

၃) ၁၉၈၈ လူသတ်မှု ၊ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု ၊ စက်တင်ဘာ အရေးအခင်း တွင် သံဃာ တော်များနှင့် လူထု အား သတ်ဖြတ်သည့် တာဝန်ရှိသူများ အား ပြင်းထန်စွာ အရေးမယူခြင်း။

၎) ကျောင်းသားတပ်မတော် ၊ ကေအင်န်ယူနဲ့ အားလုံးသော လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနဲ့ အကြွင်းမဲ့ အပစ်အခတ်ရပ်စဲရေး။


အထက်ပါအချက်သုံးချက်အရ န.အ.ဖ လုပ်မယ့် ဆန္ဒခံယူပွဲဟာ ၁၉၇၄ ခုနှစ် မ.ဆ.လ ပါတီ လုပ်ခဲ့တဲ့ လူထု ဆန္ဒခံယူပွဲထက်ဆိုးတဲ့ ကိစ္စတရပ်ဖြစ်တယ်။ဒါဟာ န.အ.ဖ ဖက်က ပြည်သူလူထုကို တဖက်သတ် အနိုင်ကျင့်စော်ကားမှုတွေအားလုံး နဲ့အတူ ထပ်မံ ပြီး ထမ်းခိုင်းမယ့် ၀န်ထုတ်ဝန်ပိုး တစ်ခုသာဖြစ်တယ်။

ဒီဆန္ဒခံယူပွဲကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ထုံးစံအတိုင်း ညာပြီး ပြတဲ့ ပွဲ လူထု ကို သေနတ်နဲ့ချိန် ပြီး ပြတဲ့ သွေးသံရဲရဲ ထဲ က မျက်လှည့်ပြပွဲ တစ်ခုဖြစ်တယ် ။ မြန်မာပြည် ပြည်သူလူထုဟာ ညံ့ဖျင်းနုံနဲ့ ပြီး ငါတို့လုပ်တိုင်း ရတယ်ဆိုတဲ့ န.အ.ဖ ရဲ့ သူတို့ကိုယ်သူတို့အထင်ကြီးမှုနဲ့ တဖက်က ပြည်သူလူထုအပါအ၀င် နိုင်ငံရေးပါတီတွေနဲ့ တကွ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး ဒီမိုကရေစီအင်အားစုအသီးသီးကို နားမလှည့်ပဲ မျက်နှာချင်းဆိုင် လည်ဂုတ်ဆွဲပြီး ပါးရိုက်လိုက်တာပဲဖြစ်တယ်။

န.အ.ဖ ဟာ ပြည်တွင်းပြည်ပ အကြပ်အတည်း တွေအားလုံးကို လက်ပူတိုက် လိမ်ညာ ခြိမ်းခြောက်သတ်ဖြတ် လာဘ်ထိုး ချော့မော့ လုပ်ကြံခြင်းတွေနဲ့ သက်ဆိုးရှည်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ထဲကို ချည်းနင်းဝင်ရောက်လာပြီဖြစ်တယ်။

ပြည်သူလူထု တရပ်လုံးအနေနဲ့ န.အ.ဖ စစ်အာဏာရှင်လုပ်မယ့် လူထု ဆန္ဒခံယူပွဲ ဆိုတာရဲ့ အနှစ်သာရကို ကောင်းကောင်းနားလည်ပြီးသားဖြစ်တယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ်မရှိဘူး။

စစ်အုပ်စု ဟာ ၁၉၉၀ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သာ နိုင်ငံတော် အာဏာ အပ်ရမှာဖြစ်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့သာ ဦးဆောင်လုပ်ရမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေဖြစ်တယ်။ ဒါကို နားလှည့်ပါးရိုက် ဖို့ တိုင်းရင်းသားတွေကို လိမ်ညာ သုတ်သင်ချင်တဲ့ န.အ.ဖ ရဲ့ အလုပ်မဟုတ်ဘူး ၊

စစ်တပ်ဟာ စစ်တန်းလျားမှာပဲ ရှိနေရမယ်။ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားတစ်ခွန်းနဲ့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးဥသျှောင်ကြီးတွေလို သေနတ်ခါးချိတ်ထားတဲ့ အာဏာရှင်တွေအနားယူကြဖို့အချိန်ဖြစ်ပြီ။ စစ်အုပ်စုရဲ့ အထက်ပိုင်း ခြောက်ဆယ်ကျော်တဲ့ ဗိုလ်ချုပ်တွေအကုန်လုံးအငြိမ်းစားယူသင့်ပြီ ။

တပ်မတော် ကို ကမ်းကုန်အောင် ဖျက်ဆီး စရိုက်ဆိုးတွေသွပ်သွင်းပြီး ခါးပိုက်ဆောင်တပ်အနေနဲ့ ကိုယ့် ရဲဘော်ရဲဘက် အငယ်တွေကို ညီရင်းအကို စိတ်မထားပဲ ကိုယ့် အကျိုးစီးပွား ကို ကာကွယ်ရင်ကာကွယ် ၊
မကာကွယ်ရင် ပက်ပက်စက်စက် လုပ်ရက်တဲ့ ဗိုလ်ချုပ်တွေကို တပ်မတော် ထဲက ထုတ်ပယ်အရေးယူဖို့အချိန်တန်ပြီ။

တပ်မတော် တွင်းက ဗိုလ်ချုပ်ကြီးများကစလို့ တပ်သားအထိ အမျိုးသား နိုင်ငံရေး ကို လုပ်ချင်ရင် တပ်မတော်က အငြိမ်းစားယူပြီး ပါတီတစ်ရပ် အဖွဲ့ အစည်းတခုကို ဦးဆောင်ပြီး လုပ် ရမှာဖြစ်တယ် သေနတ်တကားကားနဲ့

ဗိုလ်ကျအနိုင်ကျင့် တာဟာ အမျိုးသားနိုင်ငံရေးမဟုတ်ဘူး အမျိုးသားကျွန်ပြုရေးဖြစ်တယ် ။ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ပြည်ပ ရန်က ကာကွယ်ဖို့ပဲဖြစ်တယ် ၊ တရားမျှတတဲ့နည်းနဲ့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အရပ်သား အစိုးရတစ်ရပ်သာလျှင် တိုင်းပြည်ကို ဦးဆောင်ရမှာဖြစ်တယ် ။ မိန်းကလေးတယောက်ကို အတင်းဗလက္ကာရ ပြပြီးမှ မယားတော်ပါ့မယ် ဆိုတဲ့အချိုးနဲ့ နိုင်ငံတော်နဲ့ ပြည်သူကို စော်ကားမော်ကားလုပ်လာခဲ့တာတွေကို ရပ်ကြဖို့ပြည်သူလူထုက ဘက်ပေါင်းစုံက ၀ိုင်းဝန်းကြိုးပမ်းရမှာဖြစ်တယ်။ န.အ.ဖ ရဲ့ ဆန္ဒခံယူပွဲ ကို လူထု ကြီးတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကြမယ်ဆိုတာကို န.အ.ဖ ဟာ ကျိန်းသေသိတယ်။

ဒီတော့ န.အ.ဖ ဟာ လူထုကို ချော့တလှည့်ခြောက်တလှည့်နဲ့ သတ်ဖြတ် ဖမ်းဆီးသင့်တဲ့အစိတ်အပိုင်းကို သတ်ဖြတ်ဖမ်းဆီးမယ် ယခုလဲ ဖမ်းဆီးနေဆဲဖြစ်တယ် ၊ လိမ်ညာချော့ယူ သိမ်းသွင်းရမယ့်အပိုင်းကို လိမ်ညာ ချော့မြှူသိမ်းသွင်းမယ်။ သူတို့ လုပ်နေကြဖြစ်တဲ့ ကြံ့ဖွတ် ဦးဆောင်တဲ့ အတုအယောင် အင်အားပြပွဲကြီးတွေကို ယခုက စပြီး အရှိန်အဟုန်မြှင့်လုပ်သွားကြမှာဖြစ်တယ်။

တကယ်တန်း န.အ.ဖ ဟာ ရှေ့ ကို တိုးတိုး နောက်ကိုဆုတ်ဆုတ် သူတို့ အတွက် အ၀ီစီ ပဲ ရှိတယ်ဆိုတာကိုသိလို့ ရှိနေတဲ့နေရာက အထက်ကိုတက်ဖို့လှေကား ထောင်လိုက်တာဖြစ်တယ် ။ ဒါပေမယ့် သူတို့ လွတ်မြောက် ချမ်းသာစည်းစိမ်တည်မြဲရေး ၊ လမ်းကြောင်းအတွက်ထောင်တဲ့လှေကားဟာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူလူထုနဲ့တပ်မတော် သားတွေရဲ့ အရိုးတွေဖြစ်တယ် အသက်တွေဖြစ်တယ် သွေးချွေးတွေ ဘ၀တွေဖြစ်တယ်။

ဒီတော့ ကျနော်တို့တွေ ဟာ န.အ.ဖ ထောင်တက်မယ့် လှေကားအဖြစ်ခံမလား ..... န.အ.ဖ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်အောင် ပြတ်သားစွာ မြေမြှုပ်သုတ်သင်မလား ........... ။

နိဂုံးချုပ် အနေနဲ့ ပြန် ပြီး ကိုးကားလိုတာကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့စကားပဲ... ကျနော်တို့ အဆိုးဆုံးကို ပြင်ကြပါစို့..။

ရဲဘော်ငြိမ်း

မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။