Tuesday, April 08, 2008

“အမေမာ ထာဝရမသေပါ”


“အမေမာ ထာဝရမသေပါ”

မရဏမင်းရဲ့
သိမ်ဖျင်းတဲ့အမိန့်သံဟာ
ကျန်းမာရေးမကောင်းသူတယောက်ရဲ့
နေကောင်းထိုင်သာရှိမှုမျိုးနဲ့
ဧပြီလ ၇ ရက် မနက်ခင်းကို
ဖျားယောင်း သွေးဆောင်သွားခဲ့တယ်။၊


ဂလိုဘယ်လိုက်ဇေးရှင်း
အင်ဖော်မေးရှင်းတက္ကနိုလောဂျီ
နည်းပညာတိုးတက်မှုများက
ကမ္ဘာကြီးကို
ရွာကြီးတရွာဖြစ်စေခဲ့ပြီ
အဲဒီရွာကြီးထဲမှာ
ဧပြီလ ၇ ရက်နေ့ မနက်ဟာ
အနုမြူဗုံးတလုံးလိုပေါက်ကွဲ
ငါတို့ပိုးစိုးပက်စက်
အသဲတွေ ဟက်တက်ကွဲခဲ့ပေါ့။

အမေမာဆိုတာ
ပြည်မြန်မာသာမက
ဒီကမ္ဘာမှာပါ
လူရိုသေ ရှင်ရိုသေ
ဘယ်တော့မှမသေတဲ့
စာပေနယ်ရဲ့ မီးရှုးတန်ဆောင်လည်းဖြစ်
မျိုးဂုဏ် ရိုးဂုဏ် ဇာတိမာန်ဂုဏ် ထက်သန်တဲ့
ကန္တာရရဲ့နှင်းဆီတပွင့်လည်းဖြစ်တယ် ။

အမေရေ
သားတို့ ခေါ်သံကြားလား
သားတို့အော်သံကြားလား
အမေ့အရိပ်မှာ
သားတို့ခိုနား
သားတို့ တာဝန်မကြေခဲ့ကြပုံများ
ခွင့်လွှတ်ပါ အမေ ။

အမေရေ
အသက် ကိုးဆယ့်နှစ်နှစ် ဆိုတာ
ဗမာပြည်လူ့သက်တမ်းမှာ
သေပျော်ပြီလို့ဆိုနိုင်ပေမယ့်
ပြည်တွင်းဖြစ် ဖက်ဆစ်လက်အောက်မှာ
အမေနေမပျော်ခဲ့ဘူးဆိုတာ
သားတို့သိပါတယ်အမေ ။

အခုတော့
အဆိုးအကောင်းကို
အကျိုးအကြောင်းနဲ့ ရှင်းပြပေးမယ့်သူ
သွန်သင်ဆုံးမပေးမယ့်သူ
အမေ မရှိတော့ဘူး
အမေ့ ကိုယ်စား
အမေ ထားသွားတဲ့
စာပေ အမွေအနှစ်တွေနဲ့
ဗမာပြည် တခေတ်သစ်အောင်
သားတို့ ကြိုးစားဖော်ဆောင်သွားပါ့မယ် အမေ။

အမေမာ ကောင်းရာသုဂတိလားပါစေ ၊

ရဲရင့်သက်ဇွဲ

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။