Monday, April 14, 2008

မဲပြားပေါ်က ကြက်ခြေခတ်.. ပြည်သူ့အောင်ပွဲမှတ်..မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်


မြူးကြွတဲ့တေးသံ ~~~ ပြန့်လွင့်လို့နေ ~~ ကူးပြောင်းစတန်ခူးလေမှာ ~~~ တစ်ယောက်တစ်လှည့်မို့ လှမ်းကာ ~~ ဖြန်းပက်ကြစဉ် ~~ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ~~~ ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ~~

ဒီတန်ခူး ရွှင်မြူး ~~ နှစ်ကူးရောက်ပြီလေ ~~ ရွှဲစိုအောင်ပက်လိုက်တော့လေ ~~ ရွှဲစိုအောင်ပက်လိုက်တော့ ~~ ချမ်းပါတယ် ~~ သင်္ကြန်ရေကအေးတယ်ဆို ~~ သင်္ကြန်ရေကချမ်းပါတယ်လေ ~~

အကြိုက်ဆုံး သင်္ကြန်သီချင်းများက မြူးကြွစွာ ပျံ့လွင့်နေသလို ကျွန်မချစ်သော သင်္ကြန်ရက်များက လှလှပပ ကြိုဆိုနေပေပြီ။ သင်္ကြန်ကို မြန်မာလူမျိုးတိုင်း ချစ်ကြသည်။ သင်္ကြန်မရောက်ခင် အတွေးများဖြင့် ပျော်ရွှင်ရသည်။ သင်္ကြန်ရက်ရောက်လျင် သင်္ကြန်ရက်များကုန်ဆုံးသွားမည်ကို အတွေးဖြင့်ကြောက်ရွံ့ရသည်။ အမိမြေနှင့်ကင်းကွာနေချိန် .. မြန်မာလူမျိုးများစုပေါင်းဆင်နွှဲကြသော စင်္ကာပူရှိ `ပိတောက်ဝေေ၀´သင်္ကြန်ပွဲဆီ တနင်္ဂနွေနေ့ ညနေစောင်းအချိန်မှာ ကျွန်မ ရောက်ရှိသွားသည်။ မင်္ဂလာဝိဟာရကျောင်းနားရောက်စဉ်မှာပင် ပြည့်ကျပ်နေသော မြန်မာလူမျိုးများကို တွေ့ရသည်။ သင်္ကြန်သီချင်းများက ပြန့်လွင့်နေသလို လူအများကလည်း ရေတွေစိုရွှဲစွာ ဆင်နွှဲနေသည်ကို မြင်ရချိန် စိတ်ထဲမှ အလိုလိုပျော်ရွှင်လာမိသည်။







ကျောင်းတိုက်ဝင်းထဲဝင်လိုက်စဉ်မှာပဲ အသိများကို တဖွဲဖွဲတွေ့ရပြီး အားလုံးနှင့်နှုတ်ဆက်စကားပြောနေရင်း `မဲပြားပေါ်က ကြက်ခြေခတ် .. ပြည်သူ့အောင်ပွဲမှတ်´ သင်္ကြန်ပွဲတော်ပိုစတာကိုကြည့်ကာ စိတ်ထဲမှ ကျေနပ်အားပေးမိသည်။ တက်ကြွစွာ လှုပ်ရှားလေ့ရှိသော Overseas Burmese Patriots အဖွဲ့မှလည်း အားလုံးတက်ညီလက်ညီ ကန့်ကွက်မဲပေးကြအမှတ်တံဆိပ်ပါတီရှပ်များကို ရောင်းချနေကြပြီး ကန့်ကွက်မဲပေးကြရန်စာရွက်များကိုလည်း ဖြန့်ဝေနေကြတာကို အားရကျေနပ်ဖွယ် တွေ့ရှိခဲ့ရတယ်။ OBP အဖွဲ့မှ ဒိုင်ခံဟောပြောကောင်းသူကတော့ ထုံးစံအတိုင်း မျိုးချစ်စိတ်တက်ကြွရေးစကားများကို အော်နေရင်း ကျွန်မဘက်လှည့်လာချိန်မှာ အပြန်ပြေးထွက်လာခဲ့ရပါတော့တယ်။ အားလုံး စကြ နောက်ကြ ရေလောင်းကြရင်း မောင်နှမစိတ်များနှင့်ခင်မင်မှုများ ပြည့်နှက်နေကြခြင်းကို ကျွန်မစိတ်ထဲမှ ကျေနပ်မိသည်။ မြန်မာလူမျိုးအချင်းချင်း ယဉ်ကျေးစွာ စနောက်ရေကစားနေကြတာကိုကြည့်ရင်း ကျွန်မစိတ်ထဲမှာ ရန်ကုန်သင်္ကြန်ထက် စင်္ကာပူသင်္ကြန်က ပိုယဉ်ကျေးနေသလား နှိုင်းယှဉ်တွေးနေမိပါတယ်။ စင်္ကာပူသင်္ကြန်မှာ မိန်းကလေးများအားလုံး ယဉ်ကျေးစွာဝတ်စားကြတာကို ကြည့်ရင်းလည်း ချီးကျူးမိပါတယ်။

အသိမိတ်ဆွေတွေက အလှူလာခံချိန်မှာ ကျွန်မနှင့်ကျွန်မချစ်သူကလည်း ပိုက်ဆံအိတ်ကိုကားထဲမှာ သွားပြန်ယူရန် ထွက်လာခဲ့ရသည်။ ရုတ်တရက် နောက်တတ်သော လူကြီးတစ်ယောက်က အလှူခံပုံးကြီးဖြင့် ကျွန်မတို့ရှေ့ရောက်လာပြီး `အလှူငွေထည့်နော် ။ မထည့်၇င် အိုးမဲနဲ့သုတ်ပစ်မယ်´ဟုဆိုကာ သူ့လက်ထဲမှ အိုးမဲများကို ထောင်ပြထားသည်။

`အဲ အခုလည်း အလှူငွေထည့်မလို့ ပိုက်ဆံအိတ်သွားပြန်ယူမလို့ပါ။ အိုးမဲတော့မသုတ်ပါနဲ့´ဟု ရယ်ကာပြောနေလည်း ထိုသူက `မရဘူး´ဟုဆိုကာ အိုးမဲတွေပဲ ပြနေသဖြင့် ကျွန်မတကယ်လန့်သွားခဲ့သည်။ ခပ်လန့်လန့်ဖြင့် အချင်းချင်းစနောက်ကြရင်း အနားမှလူများကလည်း ၀ိုင်းနောက်ကြရင်း ထိုအနီးနားတ၀ိုက်မှာ ရယ်သံများ ပြန့်လွင့်သွားခဲ့သည်။

ထို့နောက် တဖွဲဖွဲကျလာသော ရေများဖြင့် တကိုယ်လုံးရေများစိုရွှဲရင်း ပိတောက်ဝေေ၀မဏ္ဍပ်ဆီသို့ ကျွန်မဆက်လက်သွားရောက်ကြည့်ရှုခဲ့ပါတယ်။ သင်္ကြန်အကများဖြင့် မြိုင်ဆိုင်စွာဖျော်ဖြေနေကြရင်း ပျော်ရွှင်စွာကခုန်နေကြသော မြန်မာလူမျိုးများစိတ်ထဲမှာ အားလုံးလွတ်လပ်ပျော်ရွှင်နေကြမှာကိုတွေးမိပါတယ်။ အကများဖြင့် ဖျော်ဖြေရင်း နောက်ဆုံးသီချင်းဖြင့် ဖျော်ဖြေမှာကို ကြားရရင်း စိတ်ဝင်စားစိတ်ဖြင့် သေချာကြည့်နေစဉ်မှာ ပိတောက်ဝေေ၀မဏ္ဍပ်ပေါ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပိုစတာကိုဖြန့်ကာ သင်္ကြန်သီချင်းများဖြင့် နှုတ်ဆက်သံက ဝေဆာနေခဲ့ပါတယ်။ သီချင်းသံလေးဆုံးသွားတော့ တိုင်ပင်ထားခြင်းမရှိဘဲ မြန်မာလူမျိုးအားလုံး၏ `ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ချမ်းသာပါစေ´ဟု အော်သံများက တူညီစွာထွက်ပေါ်လာပြီး ကျွန်မကျောရိုးထဲမှ စိမ့်ဝင်သွားလောက်အောင် ကြည်နူးမိသည်။

သင်္ကြန်ရေစိုစိုဖြင့် အပြုံးပန်း ၊ အပျော်ပန်းတွေ ပွင့်ဝေခဲ့သော သင်္ကြန်ရက်လေးက လှလှပပပျော်ရွှင်စွာ ပြီးဆုံးသွားခဲ့သည်။ တစ်နှစ်မှာ နာရီပိုင်းခန့်သာ ကျင်းပခွင့်ရသော သင်္ကြန်ပွဲတော်လေးက မမေ့နိုင်ပေ။ မနှစ်ကလောက် ကျင်းပခွင့်မရသော အဖြစ်အပျက်အတွက်လည်း စိတ်ထဲမှာတော့ သိပ်မကောင်း .. ။ တိုပါးရိုးဘုန်းကြီးကျောင်းမှာ ယခင်နှစ်များလောက် စုံလင်စွာ ၊ စည်ကားစွာ ကျင်းပခြင်းမရှိတော့တာ အစရှိတဲ့အခက်ခဲတွေကြားက ဒီသင်္ကြန်ပွဲလေး ဖြစ်မြောက်သွားတာတော့ ရင်မှာထဲဝမ်းသာ၍မဆုံး .. ။


ရွှင်မြူးဖွယ်သင်္ကြန်သီချင်းများနှင့်အတူ နှုတ်ဆက်ထွက်လာခဲ့ရင်း အောင်မြင်စွာပြီးဆုံးသွားခဲ့သော သင်္ကြန်ပွဲတော်လေးကို အမိမြေမှာ ထိုကဲ့သို့ အားလုံးအတူပျော်ရွှင်စွာ ကျင်းပနိုင်ဖို့ စိတ်ကူးများက အပြန်လမ်းတစ်လျှောက်လုံး အတွေးထဲမှာ ပြန့်လွင့်လျက် ..... ။

1 comments:

Tin said...

ရန်ကုန်သင်္ကြန် စင်္ကာပူသင်္ကြန် နေရာ များ ကို ပိုသတိရ အောက် မေ့ ပါသည်။

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။